DVB Logo
Home
Lead Story
အရေးပါနေဆဲ ဒေါ်အောင်ဆန်းစုကြည် 
DVB
·
August 24, 2026
အရေးပါနေဆဲ ဒေါ်အောင်ဆန်းစုကြည် 
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့က ကာလရှည် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အာနိုးဒီဘက်ခ်တို့ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက မြန်မာ့နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုကို မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

ဒီတွေ့ဆုံမှုကို စစ်အာဏာရှင်ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တာပါ။ ဒီလိုတွေ့ဆုံခွင့်ပေးတာဟာ ရည်ရွယ်ချက် နှစ်ခုရှိပုံရပါတယ်။ ပထမတခုကတော့ သူ့ရဲ့သားဖြစ်သူ ကင်မ်အဲရစ်နဲ့ တခြားထောက်ခံသူတွေ တောင်းဆိုနေတဲ့ "သက်ရှိထင်ရှား ရှိနေကြောင်း သက်သေ (Proof of life)" ကို ပြသဖို့ပါ။ ဒုတိယတခုကတော့ အဓိက အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင် လက်ထဲမှာပဲ ရှိနေတယ်ဆိုတာကို မိတ်ဆွေရော ရန်သူကိုပါ သိစေချင်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ သားဖြစ်သူ ကင်မ်အဲရစ်က ဒီတွေ့ဆုံမှုကို "အရေးကြီးတဲ့ ပထမခြေလှမ်း" အဖြစ် ကြိုဆိုခဲ့ပါတယ်။ ဒီကနေတဆင့် လူသားချင်းစာနာမှု အကူအညီတွေ ပိုမိုရရှိလာဖို့နဲ့ မိခင်ဖြစ်သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရဖို့ သူက မျှော်လင့်နေပါတယ်။ ဒါ့အပြင် မိခင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရရှိဖို့လည်း လိုလားနေပါတယ်။ နောက်ဆုံးမှာတော့ သူ့မိခင်နဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့အထိ သူက မျှော်လင့်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံရမှုဟာ သူ့ရဲ့ ရွေးကောက်ခံအစိုးရကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

ခေတ်သစ်မြန်မာနိုင်ငံရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကတည်းက ထောင်ဒဏ် (ဒါမှမဟုတ်) နေအိမ်အကျယ်ချုပ်တွေကို အကြိမ်ကြိမ် ခံခဲ့ရသူပါ။ အဲဒီအချိန်ကစလို့ ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရရဲ့ အကျယ်ချုပ်ဘဝနဲ့ ၁၅ နှစ်နီးပါး နေထိုင်ခဲ့ရပါတယ်။

အဲဒီနောက် ဆယ်စုနှစ် တခုအကြာမှာတော့ သူဟာ လွတ်လပ်ခွင့်ရခဲ့ပြီး နိုင်ငံရေးအာဏာရဲ့ အထွတ်အထိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် (တနည်းအားဖြင့် နိုင်ငံရဲ့ တကယ့်ခေါင်းဆောင်) အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံး အာဏာသိမ်းမှုကတော့ သူ့ကို ရင်းနှီးပြီးသား ပတ်ဝန်းကျင်ဖြစ်တဲ့ နေပြည်တော်က အကျဉ်းထောင် (ဒါမှမဟုတ်) နေအိမ်အကျယ်ချုပ်ဆီကို ပြန်ပို့လိုက်ပြန်ပါတယ်။ အခု အသက် ၈၁ နှစ်အရွယ်မှာတော့ သူဟာ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး နိုင်ငံရေးအကျဉ်းသားအဖြစ် ဆက်လက် တည်ရှိနေဆဲပါ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အကြမ်းမဖက်ဘဲ တိုက်ပွဲဝင်ခဲ့တဲ့ သူ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ နော်ဝေ နိုဘယ်လ်ကော်မတီဟာ သူ့ရဲ့ မဆုတ်မနစ်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ဂုဏ်ပြုချင်ခဲ့တာပါ။ ဒါ့အပြင် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်းသား သင့်မြတ်ရေးတို့ကို ရယူဖို့ ကြိုးစားနေကြတဲ့ ကမ္ဘာတဝန်းက လူတွေကိုပါ ထောက်ခံအားပေးကြောင်း ပြသချင်ခဲ့တာ ဖြစ်ပါတယ်။

ကော်မတီက သူ့ကို ဒီမိုကရေစီ ချန်ပီယံတဦးအဖြစ် သတ်မှတ်ခဲ့ပါတယ်။ သူဟာ မဟတ္တမ ဂန္ဒီဆီကနေ လွှမ်းမိုးမှုတွေ ရရှိခဲ့တယ်လို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ အခုဆိုရင် ၃၄ နှစ် ကြာလာခဲ့ပြီ ဖြစ်ပေမဲ့ သူဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီ ရရှိရေးတိုက်ပွဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

သူဟာ အော်စလိုမြို့မှာ နိုဘယ်လ်ဆုပေးပွဲ မိန့်ခွန်းပြောနိုင်ဖို့အတွက် ဆယ်စုနှစ် နှစ်ခုလောက် စောင့်ဆိုင်းခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့ကျမှသာ ဒီမိန့်ခွန်းကို ပြောကြားနိုင်ခဲ့တာပါ။ နိုဘယ်လ်ဆုက သူ့အတွက် ဘာအဓိပ္ပာယ်ရှိသလဲဆိုတာကို ရှင်းပြရာမှာ "ဒီဆုဟာ ကမ္ဘာကြီးက မြန်မာနိုင်ငံကို မမေ့သေးဘူးဆိုတာကို ပြသနေတယ်" လို့ သူက ဆိုပါတယ်။

နိုဘယ်လ်ကော်မတီက သူ့ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့အခါ "သူတို့ဟာ မြန်မာနိုင်ငံက ဖိနှိပ်ခံရပြီး အထီးကျန်နေသူတွေကို ကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတခုအဖြစ် အသိအမှတ်ပြုလိုက်တာပါပဲ။ လူသားတွေအားလုံးဟာ တသားတည်းဖြစ်တယ်ဆိုတာကို သူတို့ အသိအမှတ်ပြုခဲ့တာပါ" လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဲဒီမိန့်ခွန်းကို ပြောကြားချိန်မှာ မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေးကနေ ခွဲထွက်ပြီး ကန့်သတ်ချက်တွေရှိတဲ့ စပ်ကြားဒီမိုကရေစီစနစ်ဆီ ခရီးစတင်နေပြီ ဖြစ်ပါတယ်။ အဲဒီတုန်းက သူက အနာဂတ်အတွက် "သတိရှိရှိနဲ့ အကောင်းမြင်ကြောင်း" ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပြောခဲ့တာဟာ မှန်ကန်ခဲ့ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ စမ်းသပ်မှုဟာ ၂၀၂၁ ခုနှစ် အစပိုင်းအထိပဲ သက်တမ်းခံခဲ့လို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အနာဂတ်နဲ့ ပတ်သက်ပြီး အခုချိန်မှာ သူ ဘယ်လို ခံစားနေရမလဲ ဆိုတာကတော့ စဉ်းစားစရာပါ။ ဒါကို သိနိုင်ဖို့အတွက် သူ့ကို အရင်ဆုံး လွတ်လပ်ခွင့်နဲ့ စကားပြောခွင့် ပြန်ပေးရပါလိမ့်မယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ အုပ်ချုပ်ရေးမှာ ပါဝင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍကို ပညာရှင်တွေက ပုံစံမျိုးစုံနဲ့ သုံးသပ်ခဲ့ကြပါတယ်။ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ စစ်တပ်ဆိုတဲ့ ယာဉ်မောင်း နှစ်ယောက် မောင်းနေတဲ့ ကားတစီးကို မောင်းနှင်ရတာဖြစ်လို့၊ သူ့မှာ လုပ်ပိုင်ခွင့်အာဏာထက် တာဝန်ဝတ္တရားတွေက ပိုများနေခဲ့ပါတယ်။ ရိုဟင်ဂျာ ပြဿနာကို သူ ကိုင်တွယ်ပုံက ပြည်ပမှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပေမဲ့ ပြည်တွင်းမှာတော့ ထောက်ခံမှု ရရှိခဲ့ပါတယ်။

စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ဆောင်မဲ့ သူ့ရဲ့ အစီအစဉ်ဟာလည်း နောက်ဆုံးမှာ ပျက်စီးသွားခဲ့ရပါတယ်။ ဒီလိုဖြစ်ရတာဟာ စပ်ကြားဒီမိုကရေစီအပေါ် စစ်တပ်က တက်တက်ကြွကြွ ထောက်ခံမှု မရှိတာနဲ့ ထိပ်တန်းစစ်ဗိုလ်ချုပ်တဦးရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကြောင့် ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စီမံခန့်ခွဲရာမှာလည်း၊ သူ့ရဲ့ နေရာကို ဆက်ခံမယ့်သူတွေကို ပြုစုပျိုးထောင်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ အနာဂတ်မှာ ဖြစ်နိုင်ခြေတွေ အများကြီး ရှိနေသေးတဲ့အတွက် သူ့ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အပြီးသတ် ကောက်ချက်ချမှုကိုတော့ စောင့်ကြည့်ရဦးမှာပါ။

ဒါပေမဲ့ မြန်မာပြည်သူတွေအပေါ် ထားရှိတဲ့ သူ့ရဲ့ ကတိကဝတ်ကိုတော့ ဘယ်သူမှ သံသယဝင်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို အလုပ်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေဖို့ သူ ပေးဆပ်ခဲ့တဲ့ ကြီးမားလှတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေဟာလည်း ငြင်းလို့မရပါဘူး။ အီသီယိုးပီးယား နိုင်ငံရေးသမားနဲ့ တရားသူကြီးဟောင်းတဦးဖြစ်တဲ့ ဘာတူကန် မီဒက်ဆာ ထောက်ပြသလိုပဲ၊ သူ လက်ကိုင်ထားတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းတွေဟာ "ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ" တခု ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

"ဒါပေမဲ့ သူ့ရဲ့ ဉာဏ်ရည်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ခရီးလမ်းတလျှောက်မှာ၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ ကမ္ဘာလုံးဆိုင်ရာ စံနှုန်းတွေကို အခြေခံနိုင်မဲ့သူ့နိုင်ငံရဲ့ ဗုဒ္ဓဘာသာ လွှမ်းမိုးတဲ့ ယဉ်ကျေးမှုထဲက တန်ဖိုးတွေနဲ့ မူဝါဒတွေကို ပြန်လည်ရှာဖွေ တွေ့ရှိခဲ့တာပါပဲ" လို့ သူက ဆိုပါတယ်။

ဩဂုတ် ၃ ရက်နေ့က ICRC ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုဟာ ဘာကို ရည်ရွယ်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကြားမှာ ဆွေးနွေးငြင်းခုံနေကြပါတယ်။ သူ့ကို ပြန်လွှတ်ပေးပြီး စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေး လုပ်မဲ့ရှေ့ပြေးနိမိတ်လားဆိုပြီး သုံးသပ်ကြတာ ရှိပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်အနေနဲ့ ပြည်တွင်းက တော်လှန်ရေး အင်အားစုတွေအပေါ် အသာစီးရဖို့နဲ့ မြန်မာနိုင်ငံကို အာဆီယံ (ASEAN) အဖွဲ့ထဲ ပြန်ဝင်နိုင်အောင် ကြိုးပမ်းရာမှာ နည်းဗျူဟာအရ အသုံးချတာလား ဆိုတာကိုလည်း သုံးသပ် ပြောဆိုနေကြပါတယ်။ နိုင်ငံရေး ဇာတ်လမ်းတွေ ရှေ့ဆက်ဖြစ်ပေါ်လာတာနဲ့အမျှ ဒါတွေက ပိုပြီး ရှင်းလင်းလာပါလိမ့်မယ်။ ဒါပေမဲ့ သေချာတဲ့ အချက်တခု ရှိပါတယ်။ အဲဒါကတော့ အာဏာသိမ်းပြီးကတည်းက နိုင်ငံကို ဖုံးလွှမ်းသွားခဲ့တဲ့ နိုင်ငံရေး၊ လူသားချင်းစာနာမှုနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါနေဆဲ ဖြစ်တယ်ဆိုတာပါပဲ။

ဒီအချက်ဟာ တော်လှန်ရေး အင်အားစုထဲက တချို့သော အရေးပါတဲ့ ပုဂ္ဂိုလ်တွေရဲ့ အမြင်တွေကို ငြင်းပယ်လိုက်တာနဲ့အတူတူပါပဲ။ သူတို့ကတော့ တိုင်းပြည်ဟာ သူ့ကို ကျော်လွန်ပြီး ရှေ့ဆက်နေပြီလို့ ပြောဆိုနေကြတာပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်အာဏာရချိန်မှာ သူတို့အတွက် တရားမျှတတဲ့ အခွင့်အရေးတွေ ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ ဆိုကြပါတယ်။ တဖက်မှာလည်း ဗမာအဖွဲ့အစည်းတွေက သူ့ကို လေးစားပေမဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်တွေဟာ သူ့ရဲ့ အကြမ်းမဖက်တဲ့ ဝါဒနဲ့ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှု သိပ်မရှိတော့ဘူးလို့ ဆိုကြပါတယ်။

အမှန်တရားဆိုတာ တော်လှန်ရေး အင်အားစုတစုတည်းက လက်ဝါးကြီးအုပ်ထားတာ မဟုတ်ပါဘူး။ဒါပေမဲ့ အမျိုးသားရေးအကျိုးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားလှတဲ့ စွမ်းဆောင်မှုတွေကိုတော့ ဘယ်သူမှ ငြင်းလို့မရနိုင်ပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲမှာ သူဟာ အထင်ရှားဆုံး နာမည်နဲ့ မျက်နှာစာတခု ဖြစ်နေဆဲဆိုတာလည်း အမှန်ပါပဲ။

သူ့ရဲ့ လက်ရှိ အခြေအနေကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ နှိုင်းယှဉ်ကြည့်တာကလည်း စိတ်ဝင်စားစရာပါ။ ရှိတ်ခ်ဟာဆီနာကတော့ လွန်ခဲ့တဲ့ ၂ နှစ်က အိန္ဒိယနိုင်ငံမှာ ခိုလှုံခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်ပမှာ ခိုလှုံခွင့်ရမဲ့ လုံခြုံမှုနဲ့ သက်သောင့်သက်သာရှိမှုတွေထက်၊ အကျဉ်းချခံရမှုနဲ့ ကိုယ်ပိုင် အခက်အခဲတွေကိုပဲ ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့ ရှင်းလင်းတဲ့ သတင်းစကားကတော့ သူဟာ ပြည်သူတွေနဲ့ သူ့ရဲ့ ခံယူချက်တွေအတွက်ပဲ အသက်ရှင်ပြီး ဘဝကို ကုန်ဆုံးသွားမယ် ဆိုတာပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့ဆက်ဖြစ်လာမဲ့ အခြေအနေဟာ မြန်မာနိုင်ငံသားတိုင်းအတွက် အရေးကြီးပါတယ်။ ပြီးတော့ ကမ္ဘာတဝန်းက ဒီမိုကရေစီကို ယုံကြည်သူတိုင်းအတွက်လည်း အရေးကြီးနိုင်ပါတယ်။ အဲဒီအချက်မှာတင် သူ့ရဲ့ မွေးရာပါ ထင်ရှားလှတဲ့ အရေးပါမှုက တည်ရှိနေတာပဲ ဖြစ်ပါတယ်။

ရာဂျစ် ဘာတီယာ Ref: First Post

(အိန္ဒိယအခြေစိုက် First Post သတင်းဝက်ဘ်ဆိုက်တွင် အိန္ဒိယသံအမတ်ဟောင်း ရာဂျစ် ဘာတီယာ ရေးသားထားသည့် “The Lady still matters: Myanmar just can’t move beyond Aung San Suu Kyi yet” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။  စာရေးသူ ရာဂျစ် ဘာတီယာ (Rajiv Bhatia) သည် Gateway House ၏ ဂုဏ်ထူးဆောင် သုတေသီတဦးဖြစ်ပြီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်းနှင့် 'India-Myanmar Relations: Changing Contours' စာအုပ်ကို ရေးသားခဲ့သူ ဖြစ်ပါသည်။ ဤဆောင်းပါးပါ အမြင်များသည် စာရေးသူ၏ ကိုယ်ပိုင်အမြင်များသာ ဖြစ်ပါသည်။) 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013