
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးက အမျိုးသမီး တယောက်အား အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရတဲ့ အမျိုးသမီးနဲ့ နီးစပ်သူတွေဆီက သိရ ပါတယ်။
ဩဂုတ် ၃၀ ရက်က သာပေါင်းမြို့နယ်၊ ဇီးပင်ကွင်းကျေးရွာ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး သန်းလွင်က ကသစ်တန်းကျေးရွာက အသက် ၂၈ နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “အုပ်ချုပ်ရေးမှူးဆိုတော့ အာဏာရှိတယ်လေ။ အုပ်ချုပ်ရေးမှူးက ဟိုခိုင်း၊ ဒီခိုင်း လုပ်ပေးနေရတဲ့ကောင်လေးရဲ့ အမျိုးသမီးကို ပြန်ပြီး အဓမ္မကျင့်တာ။ ကောင်လေးက တည့်တည့်တိုးမိတာ။ အုပ်ကြီးလည်း ကောင်လေးလက်သီးနဲ့ အထိုးခံလိုက်ရတယ်” လို့ ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးဟာ အိမ်ထောင်ရှိအမျိုးသမီးဖြစ်ပြီး အမျိုးသားဖြစ်သူက အုပ်ချုပ်ရေးမှူး သန်းလွင် ခိုင်းစေတဲ့ လယ်ယာလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေရသူဖြစ်တယ်လို့ သိရပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ဖြစ်စဉ်က မှန်တယ်။ အုပ်ကြီးဘက်က သတင်းဖုံးထားတယ်။ အုပ်ကြီးသန်းလွင် ကျူးလွန်တဲ့အမျိုးသမီးက သူ့တပည့်အရင်းရဲ့ မိန်းကလေးပါ။ နစ်နာသူတွေဘက် ကလည်း နီးရာဓားကြောက်ရတဲ့ခေတ်ဆိုတော့ ငြိမ်နေရတယ်။ တိုင်ကြားတယ်လို့ မကြား မိသေးဘူး” လို့ ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်အာဏာရှင်ခန့် အုပ်ချုပ်ရေးမှူး သန်းလွင်က အဓမ္မပြုကျင့်ခံရတဲ့ မိသားစုနဲ့ အမျိုးသားကို ကြိုက်တဲ့နေရာကို သွားတိုင်လို့ရတယ်ဆိုပြီး ပြောဆိုစိန်ခေါ်ထားတယ်လို့ ဆိုပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး သန်းလွင်ဟာ ရေကြည်မြို့နယ်၊ ရှမ်းချောင်းကျေးရွာက အမျိုးသမီးငယ် တယောက်ကိုလည်း အဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့ပြီး အမျိုးသမီးက အမှုဖွင့်ဖို့ လုပ်ဆောင်ချိန်မှာ နစ်နာကြေး ကျပ် ၆၀ သိန်း ပေးလျော်ခဲ့ဖူးသူဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး သန်းလွင်က အရပ်သားတွေအပေါ် စစ်မှုထမ်းနဲ့ ခြိမ်းခြောက်ကာ စစ်မှုထမ်းငွေကောက်တာ၊ ကင်းစောင့်ခိုင်းတာ၊ လုပ်အားပေးခေါ်တာ၊ လုပ် အားပေး ပျက်ကွက်ပါက ဒဏ်ငွေရိုက်တာအပြင် အဓမ္မပြုကျင့်တာတွေပါ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။











