မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ဖြစ်တဲ့ (NATO) မဟာမိတ်အဖွဲ့ဟာ မကြာသေးခင်က အီရန်နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အဓိပ္ပာယ်ရှိတဲ့ ကူညီပံ့ပိုးမှု တစုံတရာ မပေးခဲ့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မတ် ၂၆ ရက်မှာ NATO ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
ဝါရှင်တန်မှာ ဒိထက် အကျပ်အတည်း ကြီးကြီးမားမား ကြုံလာရင်တောင် သူတို့ ကူညီပါ့မလားဆိုတာ သံသယရှိလာပြီလို့လည်း ထရမ့်ပ်က မေးခွန်းထုတ်ခဲ့ပါတယ်။
သူဟာ နိုင်ငံရေးလောကထဲ မဝင်ခင် လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်းက NATO အဖွဲ့ကို “စက္ကူကျား” လို့သာ ရှုမြင်နေမိတာကြာပြီ၊ အခုထိလည်း သူ့အမြင် မပြောင်းလဲဘူးလို့ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေးတခုမှာ ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်ဟာ မဟာမိတ်တွေဘက်က အမြဲရပ်တည်ပေးပေမဲ့ တဘက်ကတော့ အပြန်အလှန် ကူညီတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတချို့ဟာ တိုက်ပွဲ စတိုက်နေချိန်တုန်းက ဝင်ကူညီပေးတာမဟုတ်ဘဲ တိုက်ပွဲပြီးဆုံးသွားပြီးနောက်မှသာ ပါဝင်မယ်လို့ ပြောလာကြတယ်လို့လည်း ဝေဖန်ပါတယ်။
ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် သင်္ဘောတွေကို စေလွှတ်ပေးဖို့ မိတ်ဖက်နိုင်ငံတွေကို ဖိတ်ခေါ်ခဲ့ပေမဲ့ NATO အဖွဲ့ဟာ ဒီစမ်းသပ်မှုကို မအောင်မြင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။
ဒီခေါ်ယူမှုကလည်း တကယ်အကူအညီလိုလို့ ခေါ်ခဲ့တာ မဟုတ်ဘဲ သူတို့ရဲ့စိတ်ဓာတ်ကို စမ်းသပ်မှု သက်သက်ပဲလို့ ဆိုပါတယ်။
အီရန်နဲ့စစ်ပွဲဟာ အသေးစားအဆင့်လို့ သတ်မှတ်ပြီး အမေရိကန်တပ်ဖွဲ့တွေက တပတ်အတွင်း အလျင်အမြန် အဆုံးသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ရက်ပိုင်းအတွင်းမှာပဲ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး အီရန်ရေတပ်ကို ၃ ရက်လောက်အတွင်း ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီလောက် အပျော်တမ်းအဆင့်ကိုတောင် NATO က လာမကူရင် နောက်နောင် အကြီးအကျယ် ဖြစ်လာရင် လာကူပါ့မလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
NATO အဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်အတွက် သတ်မှတ်ထားတဲ့အတိုင်း ထည့်ဝင်ခြင်း မရှိဘူးလို့ ဝေဖန်ပြီး သူ့အနေနဲ့ ၂ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးဖို့ အမေရိကန်က ဖိအားပေးနေပေမဲ့လည်း တခြားအဖွဲ့ဝင်နိုင်ငံတွေဟာ ကာကွယ်ရေးအသုံးစရိတ်ကို အခုထိ မပြည့်မီသေးဘူးလို့ ဆိုပါတယ်။
အမေရိကန်ဟာ သမုဒ္ဒရာကြီး ခြားထားတဲ့အတွက် ရုရှားရဲ့ရန်ဟာ အမေရိကန်ကို တိုက်ရိုက် မထိခိုက်နိုင်ဘဲ ဥရောပကိုပဲ ထိမှာလို့ ဆိုပါတယ်။
အမေရိကန်ဟာ ဥရောပကို ကာကွယ်ဖို့ ထရီလီယံချီ အသုံးစရိတ် သုံးနေပေမဲ့ အပြန်အလှန် ကူညီမှု မရဘူးလို့လည်း ပြောသွားပါတယ်။
Source: Reuters











