DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် စစ်ရှောင် ရခိုင်လူငယ်များ ပျောက်ဆုံးမှု လချီကြာသော်လည်း သတင်းမရသေး
DVB
·
July 29, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်ကနေ ရန်ကုန်မြို့ကို စစ်ဘေးရှောင်လာတဲ့ ရခိုင်လူငယ်တွေ ပျောက်ဆုံးနေတာ အခုဆိုရင် လနဲ့ချီ ကြာမြင့်လာပေမဲ့ ဘာအဆက်အသွယ်၊ သဲလွန်စမှ မရသေးတဲ့အတွက် မိသားစုဝင်တွေဟာ နေ့စဉ် စိုးရိမ်ပူပန်နေကြပါတယ်။

ဒီလို ပျောက်ဆုံးမှုတွေဟာ ရိုးရိုးလူပျောက်တာမျိုး မဟုတ်ဘဲ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တွေဆီ ရောင်းစားခံရတာ ဒါမှမဟုတ် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရတာတွေ ဖြစ်နိုင်ခြေရှိတယ်လို့ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ် ကိုနေလင်းဆန်း တယောက် အိမ်ကနေ ထွက်သွားပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ အခုဆိုရင် ၃ လနီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က “၂ နာရီလောက် အလုပ်လုပ်ပေးရင် ငွေ ၅ သောင်းရမယ်” ဆိုတဲ့ မက်လုံးပေး ခေါ်ဆောင်မှုနောက်ကို လိုက်သွားခဲ့ပြီးနောက် သူဟာ အခုချိန်ထိ အိမ်ပြန်မရောက်လာတော့တာပါ။

ကိုနေလင်းဆန်းလိုပဲ အလုပ်အပြန်မှာ ပျောက်ဆုံးသွားသူ၊ နေအိမ်ရှေ့ကနေ ပျောက်ဆုံးသွားသူ စသဖြင့် ဒီနှစ်ဆန်းပိုင်းမှာတင် ရခိုင်ကနေ ရန်ကုန်ကို စစ်ရှောင်လာတဲ့ လူငယ်တွေ ဆက်တိုက် ဆိုသလို ပျောက်ဆုံးနေတာပါ။

ပျောက်ဆုံးနေသူ ကိုနေလင်းဆန်းရဲ့ ဇနီး မနန္ဒာက “သူ့ကိုပဲ သတိရနေတာပါပဲ။ အိမ်မှာ ဘယ်သူမှ မရှိဘူးလေ၊ အစ်မတယောက်ပဲ ရှိတာဆိုတော့လေ။ သူနဲ့ အိမ်ထောင်ကျတော့ ဒီမှာပဲ ကျန်ခဲ့တာ။ အစ်မတွေကလည်း နိုင်ငံခြား ရောက်သွားပြီ။ တယောက်တည်းဆိုတော့ ပိုအားငယ်တာပေါ့” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားကွန်ရက်ရဲ့ မှတ်တမ်းတွေအရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လလောက်ကတည်းက စစ်ရှောင်လူငယ်တွေ ပျောက်ဆုံးမှု စတင်ခဲ့တာဖြစ်ပြီး အကူအညီတောင်းခံလာသူ ၁၁ ယောက် ဝန်းကျင်ရှိတဲ့အထဲက တယောက်ကိုသာ ပြန်လည်ရှာဖွေတွေ့ရှိထားပါသေးတယ်။

ဒီလို လူငယ်တွေ လနဲ့ချီကြာတဲ့အထိ သဲလွန်စမရ ပျောက်ဆုံးနေမှုတွေဟာ လက်ရှိ နိုင်ငံတွင်းမှာ ကြီးထွားနေတဲ့ လူကုန်ကူးမှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အထူးသဖြင့် လစာကောင်းကောင်းပေးမယ်ဆိုပြီး မြှူဆွယ်ခေါ်ဆောင်ကာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ခေါ်) ကျားဖြန့်လုပ်ငန်းတွေဆီ ရောင်းစားခံရတာမျိုး ဖြစ်နိုင်တာကြောင့် သတိထားကြဖို့ ရခိုင်အမျိုးသားကွန်ရက် ရှေ့နေ (ဥပဒေအဖွဲ့) ဝင် ကိုကျော်စိုးနိုင်က သတိပေးပါတယ်။

“အဓိကကတော့ စစ်ဘေးရှောင်မှ မဟုတ်ဘူး၊ နေရာတကာမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် နေရတော့ လူငယ်တွေပေါ့၊ အထူးသဖြင့် မိန်းကလေးတွေဆိုရင် တချို့ ကျားဖြန့်တွေက ရှုထောင့်မျိုးစုံ နယ်ပယ်မျိုးစုံနဲ့ ဆွဲဆောင်တာတွေ ရှိတာပေါ့။ အွန်လိုင်းကနေသော်လည်းကောင်း၊ တခြား လုပ်ငန်းနယ်ပယ် ကဏ္ဍစုံကပါပဲ၊ လာပြီးတော့ ဆွဲဆောင်တာတွေလည်း ရှိတယ်။ လိမ်ညာ ပြီးတော့ ခေါ်ယူဖို့ ကြံဖန်နေတာတွေလည်း ရှိတယ်။ ဒါမျိုးတွေကျတော့ ရခိုင်ပဲဖြစ်ဖြစ်၊ ဗမာပဲ ဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် လူငယ်တွေအနေနဲ့ သတိထားပြီးတော့ သွားတာလာတာနဲ့ အယုံ မလွယ်ကြဖို့၊ အလုပ်ရမယ် ဆိုရင်တောင်မှ ဘယ်လိုအလုပ်အမျိုးအစားလဲ သေချာလေး စိစစ် ပြီးတော့ အလုပ်အကိုင်ရှာဖွေကြဖို့ နည်းနည်းစိစစ်ကြဖို့ သတိတော့ထားစေချင်တယ်။”

ဒါ့အပြင် နိုင်ငံတဝန်း အကောင်အထည်ဖော်နေတဲ့ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကို လမ်းမတွေ ပေါ်မှာ အဓမ္မဖမ်းဆီး ခေါ်ဆောင်မှုတွေ ရှိနေတာကလည်း စစ်ရှောင်လူငယ်တွေအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတခု ဖြစ်နေတယ်လို့ ရန်ကုန်မြို့ ဒေသခံတယောက်က ပြောပါတယ်။

“ရခိုင်လူမျိုးတွေအပြင် ပုသိမ်တို့၊ ဧရာဝတီတို့၊ စစ်ကိုင်းတို့ စတဲ့ ပဋိပက္ခဖြစ်ပွားတဲ့ နေရာတွေကနေ ရန်ကုန်ကို တက်လာကြတာတွေ များတယ်လေ။ အိမ်တွေ ရွာတွေ မီးရှို့ခံလိုက်ရလို့ ရန်ကုန်ဘက်ကို စစ်ဘေးရှောင်လာရတဲ့ လူငယ်တွေရှိတယ်။ သူတို့က ရန်ကုန်ကိုရောက်တော့ စစ်မှုထမ်း နာမည် စာရင်းထဲ‌တော့ မပါဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ပေါ်တာဆွဲခံရတာတွေ ရှိတယ်။ နည်းအမျိုးမျိုး နဲ့ လိမ်ညာပြီး ခေါ်ဆောင်ပြီးတော့ ဖမ်းဆီးခံရတာတွေလည်း ရှိတယ်။ အွန်လိုင်းကနေ သမီးရည်းစား ဟန်ဆောင်ပြီး လိမ်ညာပြီး ခေါ်တာတွေ၊ နောက်ပြီး တချို့ဆိုရင် ပေါ်တင်ပေါ့နော် ခရိုင်အလိုက် လူမတွေ့ရင်တောင်မှ မြို့နယ်တခုကို တလကို လူ ၆ ယောက်ပေးရမယ်၊ အဲဒီ ၆ ယောက် မပြည့်ဘူးဆိုရင် အဲဒီရပ်ကွက်က လူတွေက လိုက်ရှာရတယ်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ပေးရတယ်။ မရှိရင် ဖမ်းပြီး ပေးတယ်။ ဝယ်တာတွေရော၊ ဖမ်းတာတွေရော၊ ဒါက တကယ့်လက်ရှိ အခြေအနေ။”

ပျောက်ဆုံးနေသူတွေရဲ့ မိသားစုဝင်တွေကတော့ တနယ်တကျေးမှာ အားကိုးရာမဲ့စွာနဲ့ သူတို့ရဲ့ ခင်ပွန်း၊ သူတို့ရဲ့ သားသမီးတွေ တနေ့ အိမ်ပြန်ရောက်လာမဲ့ရက်ကို မျှော်လင့်ချက်တွေနဲ့ စောင့်ဆိုင်း နေကြဆဲ ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013