DVB Logo
Home
မြန်မာသတင်း
နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲဝင်ပေါင်း ၂၁၁၂၀ ယောက်ရှိ၊ ဆု ၁၂ ဆုရွေးချယ်ချီးမြှင့်မည်
DVB
·
May 19, 2020
နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲဝင်ပေါင်း ၂၁၁၂၀ ယောက်ရှိ၊ ဆု ၁၂ ဆုရွေးချယ်ချီးမြှင့်မည်
Donate to DVB

ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကစပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂို လ်က ၃ ရက်ကြာ ဖိတ်ခေါ် ကျင်းပခဲ့တဲ့ နှာခေါင်းစည်း Mask ချုပ်ပြိုင်ပွဲမှာ အနယ်နယ် အရပ်ရပ်က ပြိုင်ပွဲဝင်လာကြသူ အရေအတွက် ၂၁၁၂၀ ယောက်ရှိခဲ့ပြီး သူတို့ထဲက ၁၂ ယောက်ကို ဆုရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Mask ပြိုင်ပွဲ စာရင်းပိတ်ချိန်မှာ ဝင်ပြိုင်သူ (၂၁၁၂၀) ဖြစ်ပါတယ်။ ဒီထဲက ၁၂ ယောက်ကိုသာ ဆုပေးမှာဖြစ်ပေမဲ့၊ အားလုံးကို တန်ဖိုးထားပါတယ်။ ကျွန်မ နိုင်ငံအနယ်နယ် အရပ်ရပ်မှာ ခရီးသွားတဲ့အခါ လာရောက်ကြိုဆိုနှုတ်ဆက်တဲ့ ပြည်သူတွေကို တန်ဖိုးထားသလိုပါပဲ။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ တဦးချင်းကို တန်ဖိုးထားပါတယ်။ တဦးချင်းကိုလည်း ကျေးဇူးတင်ပါတယ်။ မေတ္တာနဲ့ အားပေးခြင်းနဲ့ ယှဉ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ ဒါ့ကြောင့် ပြိုင်ပွဲမှာ ဝင်ပြီး အားပေးကြသူတွေ အားလုံးအတွက် အမှတ်တရဖြစ်နိုင်ဖို့ စီစဉ်နေပါတယ်”

ပြိုင်ပွဲဝင်ပြည်သူ သောင်းနဲ့ချီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ဒီပြိုင်ပွဲ စည်းကမ်းချက်တွေအနေနဲ့ ပါဝင်ယှဉ်ပြိုင်လိုသူတွေဟာ အရောင်၊ ဒီဇိုင်းနှစ်သက်ရာ ရွေးချယ်ထားတဲ့ နှာခေါင်းစည်းတခု (တခုထက်များလည်း ရပါတယ်) ကိုယ်တိုင် ချုပ်ရမှာဖြစ်ပြီး လက်နဲ့ပဲ ချုပ်ချုပ်၊ စက်နဲ့ပဲချုပ်ချုပ် ရတယ်လို့ ဖော်ပြထားပါတယ်။ ချုပ်တဲ့အခါမှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အဝတ်နဲ့ပြုလုပ်သော နှာခေါင်းစည်းနဲ့ ပတ်သက်တဲ့ သိကောင်းစရာများကို ကိုးကားပြီး ချုပ်လုပ်ရမှာ ဖြစ်ကြောင်း ဖော်ပြထားခဲ့တာပါ။

ပြိုင်ပွဲဝင်ကြသူတွေထဲမှာတော့ ကျော်ကြားသူ အနုပညာရှင်တွေ၊ နာမည်ကြီး ဒီဇိုင်နာတွေကအစ ပြည်တွင်းပြည်ပမှ ပြိုင်ပွဲဝင်တွေ အမြောက်အမြား ပါဝင်ခဲ့ကြပြီး လက်ရှိ မှာတော့ ပြည်သူ အနှစ်သက်ဆုံး။ (Like အများဆုံး)ဆု၊ တီထွင်ဖန်တီးမှုအကောင်းဆုံးဆု၊ လူထုအကျိုးပြုဆု။ (လှူဒါန်းဝေငှရန်လုပ်တဲ့ maskတွေထဲက like အများဆုံး။)နဲ့  ပြိုင်ပွဲ ဝင်ရခြင်း ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆုဆိုပြီး ရွေးချယ်ချီးမြှင့်မှာဖြစ်ကာ  ကျန်းမာရေးဝန်ကြီးဌာနက စတင်စိစစ်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်တိုင်ချုပ် Mask ပြိုင်ပွဲကျင်းပပေးခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ခုလိုရေးသားထားခဲ့ပါသေးတယ်။

“တဖက်က ကျန်းမာရေးအတွက် mask တပ်တဲ့အလေ့အထကို အားပေးရင်းနဲ့ တဖက်ကလည်း၊ ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးအနေအထားကို ကြည့်ရပါသေးတယ်။ အတွက်အချက်တော်တဲ့ ကျွန်မတို့ ဝန်ထမ်းတွေက ထောက်ပြပါတယ်၊ ကျွန်မတို့ လူဦးရေရဲ့ (၂၅%) က၊ အလုပ်သွားရက်၊ တလ (၂၂)ရက်မှာ နေ့စဉ်၊ တစခါသုံး mask တခုသာ သုံးတယ်ထားဦး၊ တလကို mask ဖိုးက စုစုပေါင်း အမေရိကန်ဒေါ်လာ (၆၃.၃) သန်း ဖြစ်ပါတယ်။ ဒါကြောင့် ထပ်တလဲလဲ သုံးလို့ရတဲ့အဝတ် mask ကလေးတွေ ကျယ်ကျယ်ပြန့်ပြန့်သုံးရေးအတွက် ကူညီပေးတဲ့ ပြိုင်ပွဲဝင်များဟာ ပြည်သူ့ကျန်းမာရေးသာမက၊ နိုင်ငံ့စီးပွားရေးကိုပါ အထောက်အကူ ပေးတယ်လို့ ပြောနိုင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ COVID-19 ကပ်ဘေးကာလ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ဆက်သွယ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့အကောင့်မှာ ပရိသတ် (Followers) ၂ သန်းခွဲနီးပါး ရှိသွားပြီ ဖြစ်ပါတယ်။

လတ်တလော COVID-19 ကပ်ဘေးကာလမှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့က အရေးပါသလို မတတ်သာလို့ အပြင်ကို ထွက်ရချိန်မှာ လည်း တကိုယ်ရေသန့်ရှင်းရေးနဲ့ ကာကွယ်ရေးအသိရှိဖို့ကလည်း အရေးတကြီး လိုအပ်နေချိန် ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ ပြည်သူတွေ အပြင်ထွက်ရင် Mask တပ်ကြဖို့ အကြိမ်ကြိမ် တိုက်တွန်း ပြောကြားနေတာ ဖြစ်ပါတယ်။

အဝတ် Mask တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း မရှိကြောင်းနဲ့ ခုလို ကပ်ဘေးကာလမှာ Mask ပြိုင်ပွဲလုပ်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

“Mask ပြိုင်ပွဲ လုပ်ရတဲ့ အကြောင်းရင်းကတော့ ပြည်သူတွေ mask နဲ့ ယဉ်ပါးပြီး အမြဲတစေသုံးတဲ့ အလေ့အထ ဖြစ်လာစေချင်လို့ပါ”လို့  ဒေါ်အောင်ဆန်းစုကြည်က ပြောထားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013