DVB Logo
Home
မြန်မာသတင်း
အခြေခံလူတန်းစားများကို ဒုတိယအကြိမ်ထောက်ပံ့မှု လာမည့် ၂ ပတ်အတွင်း စတင်နိုင်ရန် အစိုးရ မျှော်မှန်း
DVB
·
May 17, 2020
အခြေခံလူတန်းစားများကို ဒုတိယအကြိမ်ထောက်ပံ့မှု လာမည့် ၂ ပတ်အတွင်း စတင်နိုင်ရန် အစိုးရ မျှော်မှန်း
Donate to DVB

COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက်ရည်ရွယ်ပြီး ပြုလုပ်တဲ့ အစိုးရရဲ့ ထောက်ပံ့မှု ဒုတိယအကြိမ်ကို လာမယ့် ၂ ပတ်အတွင်း စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှု ပထမအကြိမ်ကို ဧပြီ ၁၀ ရက်စတင်ပြီး ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် စတဲ့ ပစ္စည်း ၅ မျိုးကို ထောက်ပံ့ပေးခဲ့တာပါ။ 

ပထမအကြိမ် ထောက်ပံ့မှုနဲ့ ပတ်သက်လို့ တကယ်လိုအပ်နေတဲ့ ပြည်သူတွေလက်ထဲ မှန်မှန်ကန်ကန်‌ မရောက်ခဲ့ဘူးဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

အစိုးရအနေနဲ့ ထောက်ပံ့မှုကို ဒုတိယအကြိမ် ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဒီတကြိမ်မှာတော့ ပစ္စည်းတွေထောက်ပံ့တော့မှာ မဟုတ်ဘဲ ငွေကြေးထောက်ပံ့မှုသာ ပြုလုပ်ဖို့ ရှိနေတယ်လို့ ဦးဇော်ဌေးက မေလ ၁၆ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒီတခေါက်မှာတော့ ပိုပြီးတော့ စနစ်တကျနဲ့ အချိန်ယူပြီးတော့ လုပ်ဖို့ လုပ်နေတာဖြစ်တယ်။ အလွန်ဆုံး ၂ ပတ်ပေါ့နော်။ ၂ ပတ်အတွင်းလောက်တော့ ဆောင်ရွက်သွားဖို့ မှန်းထားတယ်။ ပြည်သူတွေရဲ့ တကယ့် အချက်အလက်တွေပြည့်စုံဖို့လည်း ရပ်/ကျေးအဆင့်အထိ ပုံစံတွေချပေးပြီးတော့ သူတို့ဖြည့်သွင်းရမှာက ဥပမာ select လုပ်ပြီးတော့ ရွေးချယ်ရုံပဲ၊ သူ့ရဲ့လုပ်ငန်းက ဘာအမျိုးအစား၊ အဲ့ထဲမှာ ကျနော်တို့က လုပ်ငန်းအမျိုးအစားတွေ ပေးထားမယ်။ အဲဒီထဲကမှ သူနဲ့သင့်တော်တဲ့ဟာကို သူကခြစ်လိုက်ရုံပဲ၊ ဒီလိုပုံစံတွေနဲ့ ကျနော်တို့က စာရင်းကောက်ယူနေတယ်။ အဓိကက စာရင်းမှန်မှန်ကန်ကန်ဖြစ်ရေးကို အခြေခံပြီးတော့မှပဲ တခါတည်းသက်ဆိုင်တဲ့ online payment လုပ်နေတဲ့လူတွေနဲ့ရော အဲဒီလိုမျိုး ဆောင်ရွက်သွားဖို့ လုပ်ထားပါတယ်။ ကျနော်တို့ကတော့ အမြန်ဆုံးတော့ လုပ်ဖို့ မှန်းထားတယ်။ နှစ်ပတ်ကနေ သုံးပတ်အထိတော့ အချိန်ယူရမယ်လို့ ယူဆထားတယ်" လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ထောက်ပံ့မှုအတွက် အစိုးရအနေနဲ့ တနိုင်ငံလုံး အခြေခံအိမ်ထောင်စုပေါင်း ၃.၉၉ သန်းကို ကျပ်နှစ်သောင်းတန်ကြေးရှိ အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ခဲ့တာပါ။ 

အခုဒုတိယအကြိမ်အတွက် အိမ်ထောင်စု ဘယ်လောက်ကို ထောက်ပံ့မယ်ဆိုတာ မသိရသေးပေမယ့် ပထမအကြိမ်ပေးစဉ်ကထက် နှစ်ဆခန့်ရှိမယ့် ငွေကြေးကို ထောက်ပံ့ပေးသွားဖို့ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013