၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ အီဂျစ်အသင်းက သြစတြေးလျအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး နောက်တဆင့်ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်အားကစားကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၃ ရက်ကယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပုံမှန်ပွဲချိန် မိနစ် ၉၀ နဲ့ အချိန်ပို နာရီဝက်မှာ တဖက် ၁ ဂိုးစီနဲ့ သရေကျနေခဲ့တာကြောင် ပင်နယ်တီအဆုံးအဖြတ်ကန်ခဲ့ရတာပါ။
ပင်နယ်တီကန်ရာမှာ အီဂျစ်အသင်းက ၄ ဂိုး ဝင်ပြီး သြစတြေးလျအသင်းကတော့ ၂ ဂိုးပဲဝင်တဲ့ အတွက် (၄-၂) ဂိုးနဲ့ အီဂျစ်အသင်းက နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို ပထမဆုံးတက်ရောက်သွားပြီးသြစတြေးလျကတော့ပြိုင်ပွဲကနေထွက်သွားရပြီ ဖြစ်ပါတယ်။
ဒီပွဲပထမပိုင်း ပွဲချိန် ၁၃ မိနစ်မှာပဲ အီမမ်အာရှာရဲ့ ခေါင်းတိုက်ဂိုးနဲ့ အီဂျစ်အသင်း ပွဲစောစောကတည်းက ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ၅၅ မိနစ်မှာတော့ အီဂျစ်ကစားသမား ဟာနီက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ သြစတြေးလျအသင်း ချေပဂိုးပြန်သွားလို့ တဂိုးစီသရေကျခဲ့တာပါ။
ဒီနောက် အချိန်ပိုဆက်ကစားကြရာမှာလည်း တဖက်နဲ့တဖက်ဂိုးမသွင်းနိုင်လို့ ပင်နယ်တီကန်ခဲ့ရတာဖြစ်ပါတယ်။
ဒီပွဲအနိုင်ရရှိခဲ့တဲ့ အီဂျစ်အသင်းဟာ ၁၆ သင်းအဆင့်မှာ အာဂျင်တီးနား ဒါမှမဟုတ် ကိတ်ဗာဒီ အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။











