
မကွေးမြို့၊ ပညာရေးကောလိပ်မှာ Facility Quarantine ပြုလုပ်ထားတဲ့ လူနာအမှတ် ၁၈၂ နဲ့ မလေးရှားကနေ လေယာဉ်အတူစီးလာသူ ၂၄ ယောက်ရဲ့ ဓာတ်ခွဲနမူနာတွေကို ဒီနေ့ ပေးပို့စစ်ဆေးမယ်လို့ မကွေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောပါတယ်။
“ပညာရေးကောလိပ်မှာ ထိုင်းနိုင်ငံက ပြန်လာသူ ၈ ဦးနဲ့ မလေးရှားနိုင်ငံက ပြန်လာသူ ၂၄ ဦးကို Facility Quarantine ပြုလုပ်ပေးထားပြီး လူနာအမှတ် ၁၈၂ နဲ့ လေယာဉ်အတူစီးလာသူ ၂၄ ဦးကို မေ ၁၇ ရက်နေ့ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမှာပါ။ မလေးရှားပြန်တွေကတော့ ရေနံချောင်း၊ ချောက်၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ မင်းဘူး၊ ဆင်ပေါင်ဝဲ၊ သရက်၊ ကံမ၊ မင်းတုန်း၊ စလင်း၊ အောင်လံနဲ့ ဆောမြို့နယ်တွေက ဖြစ်ပါတယ်။”
မလေးရှားက ပြန်လာတဲ့သူတွေကို တိုင်းအစိုးရအစီအစဉ်နဲ့ ရန်ကုန်လေဆိပ်မှာ သွားရောက်ခေါ်ဆောင်တာဖြစ်ပြီး မေလ ၁၂ ရက်နေ့ Quarantine စင်တာကို ရောက်ရှိတာပါ။
အစိုးရ အစီအမံနဲ့ ပြန်ဝင်လာသူတွေကိုတော့ မကွေးမြို့ပေါ် Quarantine စင်တာတွေမှာ ထားရှိပြီး မကွေးမြို့နယ်က ကျေးရွာတွေမှာတော့ တိုင်းကျော်ပြန်လာသူနဲ့ တရုတ်က ပြန်လာသူ ၂၀၀ ကျော်လောက် ရှိတယ်လို့ ဦးသက်လွင်က ပြောပါတယ်။
“ဒါ့အပြင် မြို့ပေါ် ပရဟိတအဖွဲ့တွေအနေနဲ့ မလေးရှားပြန်တွေ ဖြတ်သွားခဲ့တဲ့ လမ်းတလျှောက် ပိုးသတ်ဆေးတွေ ဖျန်းပေးနေပါတယ်။ အခါအားလျော်စွာ မြို့ပေါ်ရပ်ကွက် လမ်းပေါ်တွေနဲ့ အများပြည်သူ သွားလာတဲ့နေရာတွေအပြင် Quarantine စင်တာတွေမှာ ပရဟိတအဖွဲ့တွေ ဦးဆောင်ပြီး ပိုးသတ်ဆေးဖျန်းပေးပါတယ်။”
မကွေးတိုင်းအတွင်းက ဆေးရုံတွေက စောင့်ကြည့်လူနာတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး မတွေ့ရပါဘူး။
တိုင်းထဲကို ပြည်ပကနေ ပြန်ဝင်လာသူ ၈၀၀၀ ကျော်ရှိနေပြီး Facility Quarantine ပြုလုပ်ပေးကာ ၃၉၅ ဦးကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရာမှာတော့ ရောဂါပိုးမတွေ့ရဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မင်းထီး











