Homeမြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိ၊ ရေယာဉ်နှင့်လေယာဉ်များကို မိုးဇလ သတိပေး
လေဖိအားနည်းရပ်ဝန်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိ၊ ရေယာဉ်နှင့်လေယာဉ်များကို မိုးဇလ သတိပေး
DVB
·
May 16, 2020

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက် ဦးတည်မယ့် အခြေအနေ မရှိသေးဘူးလို့ မိုးဇလက ဒီနေ့မနက် ၁၀ နာရီခွဲမှာ ထုတ်ပြန်ပါတယ်။
မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ရဲ့ တောင်ဘက် ရေမိုင် ၅၉၀ မိုင်ခန့်၊ ဒီဂါမြို့ရဲ့ တောင်ဘက် ရေမိုင် ၆၇၀ မိုင်ခန့်၊ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၄၀ မိုင်ခန့်နဲ့ ပုသိမ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် မိုင် ၆၀၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေ မရှိသေးတာကြောင့် အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။
မုန်တိုင်းငယ် အမြင့်ဆုံးလေတိုက်နှုန်းမှာ ၁ နာရီလျှင် ၃၅ မိုင်နှုန်း ဖြစ်ပါတယ်။
မုန်တိုင်းငယ်ဟာ နောက် ၆ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်၊ နောက် ၁၂ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ပြီး မေ ၁၇ ရက်နေ့ နောက်ပိုင်းမှာ မြောက်-အရှေ့မြောက်ဘက်ကို ကွေ့ပြီး ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။
မုန်တိုင်းငယ်အရှိန်ကြောင့် ဒီနေ့နေ့လယ်ကနေ နောက် ၄၈ နာရီအတွင်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးပြီး ရေပြင်/မြေပြင် လေဟာ ၁ နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါတယ်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေမှ ၁၂ ပေခန့် ရှိနိုင်ပါတယ်။
မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေ၊ သင်္ဘောတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့ မိုးဇလက အသိပေးထားပါတယ်။