
စစ်ကိုင်းတိုင်း အင်းတော်မြို့မှာ စစ်ရေးအခြေအနေကြောင့် စတားလင့်ခ်အင်တာနက်ကို အသုံးပြုခွင့် မေ ၃ ရက် ညပိုင်းကစလို့ ပိတ်လိုက်ပြီလို့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
အင်းတော်မြို့နယ်မှာရှိတဲ့ စတားလင့် ဖွင့်လှစ်နေတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ရုံးလုပ် ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့ နေရာတွေကလွဲလို့ စတားလင့် ဝန်ဆောင်မှုနဲ့ ဖွင့်လှစ်တာ၊ အိမ်တွင်း ဖွင့်လှစ်အသုံးပြုတာတွေကို မေ ၃ ရက်ကစပြီး ယာယီပိတ်တယ်လို့ ထုတ်ပြန်ထားတာပါ။
ပိတ်သိမ်းချိန်ကာလထဲ ဖွင့်လှစ်မှုတွေ့ရှိရင် သတိပေးတာ၊ သိမ်းဆည်းတာတွေ ပြုလုပ်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။
တော်လှန်ရေးရဲဘော်တယောက်က “အခြေအနေက တိုက်ပွဲဖြစ်လာနိုင်တယ်။ စစ်တပ် ထောက်ခံသူတွေက စစ်တပ်ဝင်လာလို့ ကြွလာကြတယ်။ ဒါကြောင့် ပိတ်သိမ်းတာ” လို့ DVB ကို ပြောပါတယ်။
အင်းတော်မြို့နယ်မှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကတည်းက ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး စတားလင့်တခုတည်းသာ ရှိနေတာ ဖြစ်ပါတယ်။
လက်ရှိ အင်းတော်-မော်လူးလမ်းပိုင်း၊ အင်းတော်-ဗန်းမောက်လမ်းပိုင်းတွေမှာ SNA နဲ့ စစ်တပ်ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။
စစ်တပ်ဟာ အဲဒီလမ်းပိုင်းတွေကို စိုးမိုးလိုတာကြောင့် စစ်ကြောင်းထိုးနေတာဖြစ်ပြီး မန္တလေး-မြစ်ကြီးနား လမ်းကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
စတားလင့်တွေ ပိတ်သိမ်းထားပေမဲ့ အရေးကြီးကိစ္စရှိရင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီမှာ လာရောက်အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
မနေ့ကတော့ အင်းတော်မြို့ထဲကို စစ်တပ်ဘက်က Y12 လေယာဥ်နဲ့ ရိက္ခာထုပ်တွေ လာချပေးတာတွေရှိ တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ၂၉ ရက်က အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီးတော့ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ အင်းတော်မြို့နယ်ထဲက နဘား၊ ကမ်းနီ၊ နားရခေါင်၊ ပင်ဝယ်၊ ဖားပန့်၊ မော်လူး၊ စီပိန်း၊ စီးမော်၊ ညောင်ပင်သာ၊ ဟဲနု၊ ကျန်တော၊ တုံးပုံ၊ ကူးဆိပ်၊ နားနောင်၊ ကျော်ရွာ၊ လယ်ပြင်၊ သီဘာ၊ နန်းကင်၊ နန်းခင့်၊ သက္ကယ်ကျင်း၊ အောင်းကုန်း၊ နန့်သာ၊ အင်ပင် စတဲ့ကျေးရွာတွေက အရပ်သားတွေ တိမ်းရှောင်နေကြရပါတယ်။










