DVB Logo
Home
မြန်မာသတင်း
မီတာဖတ်သူများ အမှားအယွင်းရှိကောင်းရှိနိုင်သည်ဟု  ဒုအမြဲတမ်းအတွင်းဝန်ပြော
DVB
·
May 15, 2020
မီတာဖတ်သူများ အမှားအယွင်းရှိကောင်းရှိနိုင်သည်ဟု  ဒုအမြဲတမ်းအတွင်းဝန်ပြော
Donate to DVB

ဧပြီလရဲ့ မီတာခနဲ့ပတ်သက်ပြီး  အများပြည်သူတွေအကြား ဝေဖန်မှုတွေမြင့်တက်နေရာမှာ မီတာဖတ်သူတွေမှာလည်း အမှားအယွင်းရှိကောင်းရှိနိုင်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ဒီကနေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ဝန်ခံပြောကြားလိုက် ပါတယ်။

COVID-19 ရောဂါကပ်ဘေးကာလမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေအတွက် အိမ်သုံးလျှပ်စစ်မီးသုံးစွဲမှု ယူနစ် ၁၅၀ အထိကို ဧပြီလမှာ အခဲ့ပေးသွားမှာဖြစ်တယ်လို့ အစိုးရက ကြေညာထားတာဖြစ်ပါတယ်။ 

မီတာခကျသင့်ငွေတောင်းခံလွှာတွေ ထွက်ပေါ်လာချိန်မှာတော့ ကြေညာထားတဲ့အတိုင်း ယူနစ် ၁၅၀ အောက်သုံးစွဲတဲ့ ပြည်သူတွေက မီတာခ ပေးဆောင်စရာမလိုတော့တာရှိသလို တချို့ကတော့ အရင်လတွေကထက် မီတာခ ပိုမိုကျသင့်နေတယ်ဆိုပြီး  ဝေဖန်မှုတွေ မြင့်တက်နေတာပါ။

ဒါနဲ့ ပတ်သက်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက မေလ ၁၅ ရက်က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာမှာ ဒုတိယအမြဲတမ်း အတွင်းဝန်က အစိုးရကို ကန့်လန့်တိုက်လုပ်ဆောင်တာ မဟုတ်ဘူးလို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

"မီတာဖတ်တဲ့အချိန်မှာ အရင်လက သူလျှော့ဖတ်ခဲ့တယ်။ မှန်းဖတ်ခဲ့တယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ့အိမ်ကတော့ ပိုသုံးနေတယ်။ မှန်းမှန်းပြီး ဖတ်ခဲ့တယ်။ ဒီတစ်ကြိမ်ကတော့ ယူနစ် ၁၂၀ ရှိတယ်။ ရာသီဥတုပူတာ၊ မပူတာသူမသိတော့ဘူး။ ၁၂၀လို့မှန်းထည့်တယ်။ တကယ်က ၁၆၀ ယူနစ်လောက်ရှိနေတယ်။ နောက်ဆုံးလ ဒီဧပြီလလည်း ရောက်ရော ပေါင်းထည့်လိုက်တယ်။ ဆိုလိုတာက အဲ့ဒီလကျ အတိအကျဖတ်လိုက်တယ်။ လျှော့ပေးရတော့မယ့် ကာလရောက်တော့ ယူနစ်ကိုအပြည့်အဝဖတ်လိုက်တယ်။ အဲ့လိုဖြစ်နိုင်ပါတယ်လို့ ကျနော် ဝန်ခံပါတယ်" လို့ ဦးစိုးမြင့်က ပြောပါတယ်။

ခုလိုလုပ်ဆောင်တာဟာ ဝန်ကြီးဌာနမှာ မီတာဖတ်သူ လုံလုံလောက်လောက်မရှိတာကြောင့် ဖြစ်ပြီး အခုချိန်မှာတော့ ဝန်ထမ်းတွေ ထပ်မံဖြည့်တင်းနိုင်ဖို့ ဆောင်ရွက်နေပြီလို့ဆိုပါတယ်။

တချိန်တည်းမှာပဲ မီတာကို လူကဖတ်တဲ့ စနစ်ကနေ ဖုန်းကနေ အချိန်မရွေးကြည့်ရှုနိုင်ပြီး အွန်လိုင်းကတဆင့် ကျသင့်ငွေပေးဆောင်နိုင်တဲ့ ဝန်ဆောင်မှုကို ဆောင်ရွက်ဖို့လည်း ဆောင်ရွက်နေပြီလို့ ပြောပါတယ်။

"လူတွေကဖတ်တဲ့စနစ်က ပျောက်သွားပြီးတော့ အချိန်မရွေး ဖုန်းကကြည့်လို့ရတဲ့ စနစ်ဖြစ်လာမယ်။ ဖုန်းကနေ အခွန်ဆောင်လို့ရတဲ့ စနစ်ဖြစ်မယ်။ ကျနော်တို့ သွားဖို့လုပ်နေပါပြီ။ အဖွဲ့အစည်းတွေအသီးသီးကို ဖိတ်ခေါ်ပြီးတော့မှ သူတို့ရဲ့ အကြံပြုချက်တွေယူတယ်။ ကျနော်တို့ရဲ့ လိုလားချက်က ပြည်သူက ကိုယ်ထိလက်ရောက် မလာရအောင် ဝန်ဆောင်မှုပေးနိုင်အောင် လုပ်တာပါ။ ဖတ်ရုံနဲ့မပြီးသေးဘူး။ ဖုန်းနဲ့ ဘေလ်ဆောင်လို့ရတဲ့ စနစ်ကိုပါ ကျနော်တို့ ဆက်လုပ်မယ်။ အခုကျနော်တို့ဘဏ်တွေနဲ့ ဆွေးနွေးနေပြီ။  ပညာရှင်တွေဆီကနေ နည်းပညာတွေကိုကျနော်တို့ ဆွေးနွေးပြီးပြီ။"လို့ ဒုမြဲတမ်းအတွင်းဝန်ဦးစိုးမြင့်က‌ ပြောပါတယ်။

တဖက်မှာ ပြည်သူတွေ အိမ်မှာနေတဲ့အချိန်ပိုများတာကြောင့် လျှပ်စစ်ဓါတ်အားသုံးစွဲမှုက မြင့်တက်ခဲ့ပြီး ဧပြီလအတွင်း တနိုင်ငံလုံးမှာ တနေ့ကို ၃၆၀၀ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးဌာနသမိုင်းမှာ အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

PHOTO-MOEE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013