Homeမြန်မာသတင်း
ကျောင်းပိတ်ထားချိန် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်ရန် ဆရာ၊ဆရာမများကို ကာချုပ်တိုက်တွန်း
ကျောင်းပိတ်ထားချိန် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်ရန် ဆရာ၊ဆရာမများကို ကာချုပ်တိုက်တွန်း
DVB
·
May 15, 2020

COVID-19 ရောဂါကူးစက်မှုအခြေအနေမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ အခက်အခဲရှိပါက ဆရာဆရာမတွေအနေနဲ့ ယဉ်ကျေးလိမ္မာသင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်တွန်းလိုက်ပါတယ်။
မေလ ၁၄ ရက်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့မိ၊ မြို့ဖတွေ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့တာလို့ တပ်မတော် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
“ပုံမှန်အားဖြင့်ဆိုပါက ဇွန်လတွင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်သော်လည်း (COVID-19) ရောဂါကူးစက်မှုအခြေအနေများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြန် လည်ဖွင့်လှစ်ရန် အခက်အခဲများရှိနိုင်မည်ဆိုပါက ဒေသတွင်းဆရာ၊ ဆရာမများဖြင့် အကျိုးရှိစေမည့် ယဉ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်သင်ကြားပေးနိုင်မည်ဖြစ်ကြောင်း” ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
တက္ကသိုလ်မှ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ကျောင်းပိတ်ထားပေမယ့် ကျောင်းသား၊ ကျောင်းသူတွေ စိတ်ဝင်စားတဲ့ ဘာသာရပ်အလိုက် တစ်ဦးချင်း သို့မဟုတ် ငါးဦး၊ ဆယ်ဦး ထက်မပိုတဲ့ နှုန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နိုင်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင်ကျောင်းပိတ်တဲ့ ကာလကြာရှည်လို့ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်တွေအနေနဲ့ အချိန်ကို အလဟဿ မကုန်ဆုံးရအောင် စာပေလေ့လာစေဖို့နဲ့ ယခင်နှစ်က သင်ကြားခဲ့တဲ့ သင်ခန်းစာတွေ ပြန်လည်လေ့လာစေဖို့ မိဘတွေက တိုက်တွန်းကြစေလိုတယ်လို့ လည်းပြောပါတယ်။
ပညာရေး၊ ကျန်းမာရေးနဲ့ ပတ်သက်ပါက သက်ဆိုင်ရာတိုင်းမှူးနဲ့ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြော ကြားစေလိုပြီး တပ်မတော်က တတ်အားသရွေ့ကူညီဆောင်ရွက်ပေးမယ်လို့လည်း တပ်မတော် အကြီးအကဲက ကတိပေးပြောသွားပါတယ်။
၂၀၂၀-၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းတွေကို လာမယ့် ဇူလိုင်လအတွင်း စတင်ဖွင့်လှစ်မယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒီဗွီဘီကို ပြောထားပါတယ်။