
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့က အောင်ဇေယျာ ရွှေဘိုခရိုင်လူမှုကရုဏာရှင်အဖွဲ့ဟာ နေ့စဉ် COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေရတဲ့အတွက် PPE အကာကွယ်ဝတ်စုံတွေ လိုအပ်နေပါတယ်။
အောင်ဇေယျာ လူမှုကရုဏာရှင်အဖွဲ့ပြန်ကြားရေးတာဝန်ခံဦးအောင်နိုင်က “နေ့စဉ် တရက်ကို နာရေးက ငါးကြောင်းလောက်ရှိတယ်။ သူတို့ပြန်လာရင် PPE ဝတ်စုံတွေက မီးရှို့လိုက်ရတယ်။ PPE ဝတ်စုံ ချွေတာတဲ့အနေနဲ့ Mask တွေ၊ မျက်နှာဖုံးတွေ၊ လက်အိပ်တွေနဲ့ ကိုင်တွယ်နေကြရတာဖြစ်လို့ ဖြစ်နိုင်မယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ဒါမှ မဟုတ် ကျန်းမာရေးဌာနအနေနဲ့ PPE ဝတ်စုံလေးတွေ ထောက်ပံပေးမယ်ဆိုရင် ဒီထက်ပိုပြီး ဆောင်ရွက်နိုင်မယ်” လို့ ပြောပါတယ်။
ကပ်ဘေးကာလမှာ မူလ နာမှုကူညီရေးလုပ်ငန်းအပြင် ရွှေဘိုခရိုင်အတွင်းက ပြည်ပက ပြန်လာသူတွေကို အဓိကသယ်ယူပို့ဆောင်ပေးတာ၊ Quarantine Center တွေနဲ့ လမ်းမတွေမှာ ပိုးသတ်ဆေးဖြန်းတာ၊ Quarantine ဝင်နေသူတွေအတွက် လိုအပ်တာတွေကိုလည်း အဓိကကူညီ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
အသင်းဝင် အယောက် ၇၀ လောက်ရှိပေမယ့် အသင်း ၂ သင်းခွဲထားရပြီး COVID-19 လူနာနဲ့ထိတွေ့ခဲ့လို့ Quarantine ဝင်ခဲ့ရရင် နောက်တသင်းက အရန်သင့်ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။
စစ်ကိုင်းတိုင်းမှာ အခုအချိန်အထိ စစ်ကိုင်းမြို့က ၁ ဦးနဲ့ ကလေးမြို့က ၆ ဦး စုစုပေါင်း ၇ ဦး COVID-19 ရောဂါပိုး ကူးစက်ခံထားရပါတယ်။
သတင်း- အောင်စံလင်း










