DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ပေါ်စျေးများတွင် စည်ပင်က Mask ကမ်ပိန်းပြုလုပ်
DVB
·
May 14, 2020
ပုသိမ်မြို့ပေါ်စျေးများတွင် စည်ပင်က Mask ကမ်ပိန်းပြုလုပ်
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ ဈေးတွေမှာ COVID-19 ရောဂါကာကွယ်ရေးအတွက် ပြည်သူအားလုံး Mask တပ်ပြီး စျေးရောင်း စျေးဝယ်ပြုလုပ်ဖို့အတွက် မြို့နယ်စည်ပင်သာယာက Mask အခုရေ ၁၀၀၀ ကို အခမဲ့ လိုက်လံပေးဝေမယ်လို့ စည်ပင်တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က လက်ထောက် ညွှန်ကြားရေးမှူး ဦးကျင်စိုးက “စျေးသူစျေးသားတွေရော စျေးလာဝယ်သူတွေရော COVID-19 ရောဂါကို ကာကွယ်တဲ့ အနေနဲ့ Mask တွေ တပ်နိုင်ဖို့အတွက် ကျနော်တို့ဌာနက ပိတ်နဲ့ချုပ်ထားပြီး ပြန်လည် လျှော်ဖွတ်သုံး နိုင်တဲ့ Mask တွေကို စျေးတွေမှာလိုက်ဝေပေးနေပါတယ် အားလုံး အခု ၁၀၀၀ ပြည့်အောင် အခမဲ့ပေးဝေသွားမှာ”လို့ပြောပါတယ်။

အဓိကတော့ စျေးရောင်းသူရော ဝယ်သူရော စျေးထဲကိုလာရင် မဖြစ်မနေ Mask စေချင်လို့ ခုလို လိုက်ပြီး အခမဲ့ ဝေပေးနေတာလို့လည်း ပြောပါတယ်။ 

COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် စျေးတွေမှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့သလို Mask တွေလည်း အခမဲ့ဖြန့်ဝေပေးထားတာကြောင့် စျေးထဲမှာ စျေးရောင်း ချသူတွေ Mask မတပ်ရင် ဒဏ်ငွေရိုက်တာတွေပြုလုပ်ပြီး စျေးဝယ်သူတွေ Mask မတပ်ရင် တော့ စျေးထဲပေးမဝင်ဘူးလို့ ဆိုပါတယ်။

မုန့်ဟင်းခါးရောင်းသူ ဒေါ်ထားထားဦးက “နေ့တိုင်း တနေ့ ၄၀၀ ကျတော့ မတတ်နိုင်ဘူးလေ။ အဲ့တော့ ပိတ်စလေးတွေချုပ်ထားပြီး သုံးလိုက်ပြန်လျှော်လိုက် လုပ်ရတာပေါ့။ ရောဂါဆိုတာ မြင်ရတာမဟုတ်လို့ အားလုံးကာကွယ် ဖို့အတွက် တပ်သင့်တယ်လို့ ပြောပါတယ်”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းက စျေးတွေမှာ စျေးရောင်းသူတွေ Mask တပ်ဖို့ ဝယ်သူတွေလည်း Mask ပါမှ စျေးထဲဝင်ဖို့ စတာတွေအပါအဝင် COVID-19 ရောဂါ အသိပညာပေးလုပ်ငန်းတွေ ကို မတ်လကုန်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စျေးတွေထဲမှာ ဗွီနိုင်းတွေ တပ်ပြီး ညွှန်ကြားချက်တွေထုတ်ခဲ့တယ်လို့ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကိုပြောပါတယ်။

“တခါသုံးပြီး လွှင့်ပစ်ရတာမျိုးမဟုတ်ဘဲ လျှော်ဖွတ်ပြီး အသုံးပြုလို့ ရနိုင်တဲ့ Mask မျိုးတွေကို သက်ဆိုင်ရာ မြို့နယ်စည်ပင်တွေကနေ ချုပ်လုပ်ပြီးတော့ အလှူခံရရှိမှု အဆင်ပြေမှု အခြေအနေတွေအရ အခမဲ့ ပေးဝေနိုင်ရင် ပေးဝေဖို့နဲ့ အခမဲ့မဝေနိုင်ရင် အခြေခံလူတန်းစားတွေ တတ်နိုင်တဲ့ စျေးနှုန်းထားနဲ့ ဖြန့်ဝေဖို့ လမ်းညွှန်ထားတယ်”

ဧရာဝတီတိုင်းအတွင်းက စျေးတွေမှာ Mask မတပ်လို့ အရေးယူထားရသူ မေလ ၈ ရက်နေ့ထိ ၅၈၀ ဦးကို ဒဏ်ကြေး ကျပ် ၂၅ သိန်း ကျော်ဒဏ်ရိုက် အရေးယူထားပြီး ရရှိလာတဲ့ ဒဏ်ကြေးတွေကိုတော့ တိုင်းဒေသကြီးအစိုးရဘဏ္ဍာငွေအဖြစ် သွင်းလိုက်ပြီလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းက ယာယီပိတ်သိမ်းထားတဲ့ ပျံကျစျေးတွေနဲ့ စျေးဆိုင်ခန်းတွေကို ကျန်းမာရေးဌာနက သတ်မှတ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပြုဖို့ကိုလည်း စီစဉ်နေတယ်လို့ တိုင်းအစိုးရအဖွဲ့ရုံးက သိရပါတယ်။

သတင်း -မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013