
ရန်ကုန်က လမ်းဘေးဈေးသည်တွေဟာ ဈေးရောင်းချခွင့်ရဖို့ သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းတွေကို နေ့စဉ် လာဘ်ငွေပေးနေရပေမဲ့ ဖမ်းဆီးခံရတာတွေ ပိုမိုဆိုးရွာလာနေလို့ စားဝတ်နေရေး အခက်တွေ့နေရတယ်လို့ လမ်းဘေးဈေးသည်တွေက ပြောပါတယ်။
စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံချက်ကနေ စတင်လိုက်တဲ့ လမ်းဘေးဈေးသည် ပပျောက်ရေးဟာ လက်ရှိချိန်ထိ တနေ့လုပ်မှ တနေ့စားရတဲ့ လမ်းဘေးဈေးသည်တွေအတွက် ဒုက္ခတွေ့နေတာ ဖြစ်ပါတယ်။
ဂွဈေးအနီးက သားငါးရောင်းချတဲ့ လမ်းဘေးဈေးသည်တယောက်က “မနက် ၆ ည ၆ ထိက လုံးဝ လမ်းမကြီးတွေပေါ်မှာ ဈေးဗန်းခင်းမရောင်းရဘူးပေါ့။ အဲ့လိုချိန်ဆို လမ်းသွယ်တွေထဲ ခင်းရောင်းရတယ်။ အဲ့လမ်းသွယ်တွေထဲ ခင်းလို့ရဖို့ တဗန်းကို ဘယ်လောက်နှုန်းဆိုပြီး သူတို့ကိုပေးတယ်။ အဲဒါအပြင် ဘီယာသောက်ဖို့ အရက်သောက်ဖို့ ပေးရသေးတယ်။ ပြီးရင် အိမ်မှာ ချက်ပြုတ်စားသောက်ဖို့ ဟင်းစားပါ ပေးရတယ်။ ဒါလည်း ဖမ်းတယ်ဆိုတာတော့ လွန်တာပေါ့။ ရောင်းမကောင်းတဲ့နေ့ဆို သူတို့ပါ ပေးရကမ်းရနဲ့ အရင်းပါပြုတ်တယ်။ နောက်ပိုင်း ရှာစားရတာ ပိုဆိုးလာတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ လမ်းဘေးဈေးသည်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ လမ်းပေါ်ဈေးရောင်းချခွင့် ပိတ်ပင်ထားပြီး သက်ဆိုင်ရာမြို့နယ်က စည်ပင်ဝန်ထမ်း အများအပြားက စောင့်ကြပ် ဖမ်းဆီးနေပါတယ်။
ဈေးရောင်းချခွင့်ပေးတဲ့အချိန် အလွန်နည်းပါးတာကြောင့် မနက်ခင်း ဈေးဗန်းခင်းရောင်းတဲ့ လမ်းဘေးဈေးသည်တွေတင်မက ညပိုင်းရောင်းချတဲ့ ဈေးသည်တွေပါ အခက်တွေ့နေကြရတယ်လို့ လှည်းတန်း-အင်းစိန်လမ်းမပေါ်မှာ အစားအသောက်ရောင်းချတဲ့ ဈေးသည်တယောက်က ပြောပါတယ်။
“မနက်ပိုင်းက ဈေးတွေက မဖြစ်မနေ ဝယ်ကြရတာဆိုတော့ ဖမ်းရင်း ပြေးရင်း ရောင်းလို့ နည်းနည်း ရသေးတယ်လို့ ပြောရမယ်။ ညနေပိုင်းကျတော့ တခါတလေ သူတို့က ည ၆ နာရီလည်း မပြန်ဘူး။ သူတို့တကယ်ပြန်လို့ ဆိုင်ခင်းမယ် ပြင်ဆင်ရင် ၇ နာရီလောက် ဖြစ်သွားရော။ ည ၉ နာရီလောက်ဆို လူတွေက ခြောက်သွားပြီ၊ အရင်လိုသိပ်မရှိတော့ ဈေးက ဆက်ရောင်းလို့ အဆင်မပြေနဲ့ ရောင်းအားက ၃ ပုံ ၁ ပုံလောက် ကွာသွားတာ။ ကုန်ဈေးနှုန်းတက်နေချိန် အရောင်းအဝယ်က အဆင်မပြေတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ဈေးဆက်ရောင်းဖို့တောင် စဉ်းစားနေရတယ်။”
တဖက်မှာလည်း လမ်းဘေးဈေးသည်တွေရဲ့ စည်းကမ်းမဲ့ရောင်းချမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှု လမ်းပိတ်ဆို့မှုတွေအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေပါ ဖြစ်စေတယ်လို့ မြင်သူတွေလည်း ရှိပါတယ်။
လမ်းဘေးဈေးသည်တွေဟာ လူစည်ကားရာ လမ်းမကြီးတွေနဲ့ ဈေးအနီးဝန်းကျင်က နေရာတွေကို အမှီပြုပြီး နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက်နေကြတာဖြစ်ပြီး နေရာသစ် စီစဉ်ပေးခဲ့ရင်တောင် ဈေးသည်အများစုဟာ လူလာနည်းပြီး အရောင်းအဝယ်မကောင်းမှာကို စိုးတာကြောင့် နေရာသစ်ကို သွားရောက်ရောင်းချတာတွေ မလုပ်ကြဘူးလို့ သိရပါတယ်။
လမ်းဘေးဈေးသည်အများစုဟာ လက်ရှိမှာ ဖြစ်နေတဲ့ စည်းကမ်းတင်းကျပ်မှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ဖြေလျော့ပေးဖို့နဲ့ အခြေခံလူတန်းစားတွေအတွက် စားဝတ်နေရေး အခက်အခဲကို ပြန်ကြည့်ပေးဖို့ လိုတယ်လို့ ပြောပါတယ်။











