ဧရာဝတီတိုင်းတွင် ညမထွက်ရအမိန့် အချိန်သတ်မှတ်ချက် လျှော့ချ
DVB
·
May 14, 2020

ဧရာဝတီတိုင်းဒေသကြီးမှာ ညမထွက်ရအမိန့်ကို မေ ၁၅ ရက်ကစတင်ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ပြောင်းလဲသတ်မှတ်ဖို့ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက မေလ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။
COVID-19 ကာကွယ်တားဆီးဖို့အတွက် ဧရာဝတီတိုင်း ၂၆ မြို့နယ်မှာ ဧပြီ ၁၈ ရက်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ပါ နေ့စဉ် ည ၁၀ နာရီမှ နောက်တနေ့မနက် ၄ နာရီအထိ အိမ်ပြင်မထွက်ဖို့ သတ်မှတ်ချက်ကို အချိန်လျှော့ပြီး ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။
အခုလို အချိန်ပြင်ဆင်သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာဖို့ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ ခရိုင်အဆင့် COVID-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေကို ညွှန်ကြားထားပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ ညမထွက်ရ အမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူတွေကို ပုဒ်မ ၁၈၈ နဲ့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက တရားလိုပြုလုပ် တရားစွဲခဲ့တာ ရှိပါတယ်။
ဧရာဝတီတိုင်းအတွင်း မေလ ၁၃ ရက်အထိ ညမထွက်အမိန့်ကိုဖောက်ဖျောက်ကျုးလွန်တဲ့ အမှုပေါင်း ၂၁၂ မှုရှိပြီး တရားခံအမျိုးသား ၃၉၈ ဦးနဲ့ အမျိုးသမီး ၁၂ ဦးရှိတယ်လို့ တိုင်းဒေကြီးရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။
စည်သူမောင်မောင်