DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရှိ ဈေးများတွင် Mask  တပ်မထားသူကို ဈေးရောင်းဝယ်ခွင့်ပိတ်ပင်မည်
DVB
·
May 14, 2020
နေပြည်တော်ရှိ ဈေးများတွင် Mask  တပ်မထားသူကို ဈေးရောင်းဝယ်ခွင့်ပိတ်ပင်မည်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေအတွင်းက ဈေးတွေမှာ mask တပ်ဆင်ခြင်းမရှိဘဲ အရောင်းအဝယ်ပြုလုပ်နေတဲ့ ဈေးသည်တွေကို ဈေးရောင်းချခွင့် ယာယီပိတ်ဖို့နဲ့ mask မတပ်ထားတဲ့ ဈေးဝယ်တွေကိုလည်း ဈေးအတွင်း ဝင်ခွင့်မပြုဖို့ စီစဉ်နေတယ်လို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောပါတယ်။

မေလ ၁၂ ရက်နေ့က ဈေးတွေကို စနစ်တကျစီမံဆောင်ရွက်တာနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြိုင်၊ ကလောနဲ့ နေပြည်တော်ကောင်စီနယ်မြေက တာဝန်ရှိသူတွေ တွေ့ဆုံဆွေး‌နွေးခဲ့ကြရာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော်က ဈေးတွေမှာ ဈေးရောင်း၊ ဈေးဝယ်သူတွေ mask တပ်ဆင်မှု အားနည်းတာနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

မေလ ၁၃ ရက်နေ့မှာတော့ နေပြည်တော်ကောင်စီက တာဝန်ရှိသူတွေက ဈေးတွေမှာ မျက်နှာအကာ  Face Shield တွေနဲ့ နှာခေါင်းစည်း mask တွေကို  လိုက်လံဝေငှ ပေးခဲ့ပါတယ်။

ဇမ္ဗူသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်းက " အဓိကကတော့ ဈေးသည်တွေကို ဦးစားပေးပြီးဝေတာပါဗျ။ အခုလောလောဆယ်မှာဆိုရင် မနက်က မြို့မဈေးမှာ ၅၀၀ လောက် ဝေခဲ့တယ်။ အခုဆိုရင် ၇၀၀ လောက်ဝေတယ်။ ပြီးတော့ ကျန်တဲ့ဈေးတွေကိုလည်း လိုက်ဝေမှာပါ။ အဓိက ဦးစားပေးကတော့ ဈေးသည်တွေပေါ့။ အမြဲတမ်းဈေးရောင်းရတဲ့သူတွေ အန္တရာယ်ကင်းဖို့ပါဗျ "လို့ ပြောပါတယ်။

Face Shield တွေနဲ့ mask တွေကို အခုလို ဈေးတွေမှာ လိုက်လံဝေငှအပြီးမှာတော့ အရေးယူမယ့် အစီအစဥ်တွေကိုလည်း စတင် ပြုလုပ်တော့မှာပါ။

ဒဏ်ငွေရိုက်တာ၊ ဈေးရောင်းချခွင့် ယာယီပိတ်တာမျိုးတွေ၊ ဈေးအတွင်းဝင်ခွင့်မပြုတာတွေ အဆင့်ဆင့်ဆောင်ရွက်သွားဖို့ ရှိနေပါတယ်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက "ဒီကြားထဲမှာ လိုက်နာမှုမရှိဘူးဆိုရင်အဆင့်ဆင့် ဒဏ်ရိုက်တာတို့၊ ဒဏ်ရိုက်တာထက် ပိုထိရောက်တဲ့ ဈေးသည်ဟာ အထူးသဖြင့် ဒီကိစ္စဟာ ဈေးတွေမှာ အများဆုံးဖြစ်တတ်တယ်။ ဈေးသည်ဟာ ဈေးမရောင်းရဘူး၊ ဈေးရောင်းခွင့်တစ်ရက်ပိတ်တာတို့ဘာတို့ မနေ့ကလည်း ပြောပြီးပြီ။ ရက်ပိုင်း အကန့်အသတ်ထိအောင် ပိတ်တာတို့၊ အဲ့ထိအောင် အရေးယူသွားမယ်။ အဲ့ဒီအခါကျတော့ လိုက်နာမှာလား၊ အရေးယူခံမှာလားဆိုရင် တကယ်တမ်းလိုက်နာဖို့အတွက်ကို ကိုယ့်ရဲ့ ဘဝအတွက်ရော၊ အမြဲတမ်းအလုပ်အကိုင်အတွက်ပါ အဆင်ပြေအောင် ဒီလိုစီမံမှုမျိုး၊ ထိန်းကွပ်မှုမျိုးနဲ့ လုပ်သွားမှာပါ။" လို့ ပြောပါတယ်။

Covid-19 ရောဂါပိုး မြန်မာနိုင်ငံမှာ စတင်တွေ့ရှိစဉ်ကတည်းက နေပြည်တော်က ဈေးတွေမှာ mask တပ်ဖို့အတွက် အသိပညာပေးမှုတွေနဲ့ mask ဝေငှမှုတွေ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လိုက်နာမှု အားနည်း လာခဲ့တာပါ။

ဈေးသည်တွေထဲမှာလည်း စည်းကမ်းလိုက်နာမှုအားနည်းသူတွေရှိသလို အခုလို mask တွေ ဝေငှပြီး စည်းကမ်းသတ်မှတ်မယ့်အပေါ် ကြိုဆိုသူတွေလည်း ရှိနေပါတယ်။

သပြေကုန်းညဈေးမှာ ဆိတ်သားရောင်းတဲ့ ကိုလတ်က "စတပ်ခါစကတော့ အသက်ရှူ ကျပ်တာတို့၊ တပ်နေကျ မဟုတ်တော့ပေါ့နော့။ နောက်တဖြည်းဖြည်းကျင့်သားရသွားရင်တော့ သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ ဒါအန္တရာယ်လည်းကင်းတာပေါ့နော်။ ဒီလိုမျိုးတပ်ဆင်တာတော့ အားလုံးအတွက်ကောင်းပါတယ်။ ကျန်းမာရေး အတွက်လည်း အထောက်အကူပြုတာပေါ့နော်။" လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ  Covid-19 ရောဂါပိုးတွေ့ရှိသူလူနာ ၁၈၁ ဦးရှိရာမှာ နေပြည်တော်နယ်မြေမှာ ၂ ယောက် တွေ့ရှိခဲ့ပြီး အစောပိုင်းတွေ့ရှိခဲ့သူကတော့ ရောဂါကင်းစင် negative ၂ ခါပြတာကြောင့် လက်ရှိ တပ်မတော်သား တစ်ဦးသာ ကျန်ပါတော့တယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013