DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရေထွက်ကုန် ရောင်းဝယ်မှုကျဆင်းသွားသဖြင့် ရေလုပ်သားများ အခက်ကြုံ
DVB
·
May 13, 2020
ဧရာဝတီတိုင်းတွင် ရေထွက်ကုန် ရောင်းဝယ်မှုကျဆင်းသွားသဖြင့် ရေလုပ်သားများ အခက်ကြုံ
1 / 5
Donate to DVB

ဧရာဝတီတိုင်းတွင် COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရေလုပ်ငန်း ရောင်းဝယ် မှုတွေ ကျဆင်းသွားတာကြောင့် ရေလုပ်ငန်းအရောင်းအဝယ်လုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ရေထွက်ကုန်တွေ အဓိက ဧရာဝတီတိုင်းကနေ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပြီး COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်စျေးကွက်မရှိတော့လို့ တင်ပို့မရတော့သလို ပြည်တွင်းမှာ ဖြန့်ဖြူရောင်းချပေမယ့် အများစုက ဝယ်ယူစားသုံးတာမရှိလို့ ရောင်းလိုအား ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကွန်းအဏ္ဏဝါရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင် ဦးခင်ဝင်းအောင်က ပြောပါတယ်။

"အခုပြည်ပကို တင်ပို့လို့ မရတော့ ပြည်တွင်းစျေးကွက်မှာ အကြွေးနဲ့ ရောင်းထားရတယ်၊ ဆက်ပြီးတော့ လနဲ့ချီပြီး ဒီလိုဖြစ်နေအုံးမယ်ဆိုရင် ကနော့်လုပ်ငန်းကို ရပ်ပစ်ရတော့မယ်။ ပြည်တွင်းမှာလည်း အလုပ်လက်မဲ့ဦးရေ များလာတော့ ဝယ်စားမယ့်သူက မရှိတော့ဘူး။ ပိုက်ဆံ မရှိရင်တော့ ဘယ်သူမှ ဝယ်စားတော့မှာမဟုတ်ဘူး" လို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ထွက်ရှိတဲ့ ရေထွက်ကုန်တွေကို အရင်က ပြည်ပကို ၅၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်းမှာ ၅၀ ရာခိုင်နှုန်းရောင်းချခဲ့ကာ ယခုအခါ ပြည်ပကိုတင်ပို့နိုင်ခြင်းမရှိတော့သလို ပြည်တွင်းမှာလည်း ကုန်တင်ပို့ဖို့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် သိသိသာ သာရောင်းလိုအား ကျဆင်းလာတယ်လို့ ဆိုပါတယ်။

ပြည်ပကိုတင်ပို့ဖို့အတွက် စျေးကွက် မရှိတော့သလို ပြည်တွင်းမှာ ရောင်းချဖို့အတွက်လည်း စက်ရုံ အလုပ်ရုံ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေလည်း ပိတ်ထားရလို့ ပစ္စည်းရှိသလောက် ရောင်းချဖို့မဖြစ်နိုင်တော့တဲ့အခြေအနေရှိနေပါတယ်။

ဒါ့အပြင်အလုပ်လက်မဲ့ဦးရေများလာတဲ့အတွက် အများစုက မဝယ်နိုင် တော့တာကြောင့် ရေရှည်ဆက်သွားခဲ့ရင် ရေလုပ်ငန်းတွေလည်း ပိတ်ပစ်ရဖို့များတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရေလုပ်ငန်းတွေပုံမှန် ရောင်းချရစဉ်အခါက နေ့စဉ်အလုပ်ဆင်းပြီး တစ်နေ့ကို ကျပ် ၁ သောင်းခွဲ ၂ သောင်းရခဲ့တဲ့ အလုပ်သမားအများစုမှ COVID-19 ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ရေထွက်ကုန်တွေရောင်းလိုအားမရှိတော့တာကြောင့် တစ်နေ့ခြားအလုပ်ဆင်းနေရသလို လုပ်ခတွေလည်း လျော့ချခံထားရလို့ စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ ရေလုပ်သားတွေက ပြောပါတယ်။

"အခုက လုပ်ငန်းတွေ ရပ်ဆိုင်းထားတော့ တစ်ရက်ဆင်း တစ်ရက်နားလုပ်နေရတယ် Lockdown ချထားတဲ့ ရန်ကုန်ကမြို့တွေကို ဒီက ကားတွေမတက်ရတော့ လုပ်အားခရရှိတာက အရင်ကထက် ၄ ပုံ ၁ ပုံလောက်ပဲရတော့တယ်"လို့ ရေလုပ်ငန်းဒိုင်လုပ်သား ကိုဆန်းထွန်းအောင်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်း ရေလုပ်ငန်းကုမ္ပဏီတွေနဲ့ တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ ၃၅၀ ဦးရှိပြီး နေ့စဉ် ငါးနဲ့ ပုဇွန်ကို အများဆုံးတင်ပို့နေတာပါ။

လက်ရှိအချိန်မှာ ရေလုပ်ငန်း လုပ်ကိုင်သူ အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ရောဂါအရေးပေါ်ကာလ ကျော်လွန်မှသာ ရေလုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးလာနိုင်တယ်လို့ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးအေးနိုင်က ပြောပါတယ်။

ရေထွက်ကုန်တင်ပို့ဖို့အတွက် တိုင်းအတွင်းက ပုသိမ်၊ ဖျာပုံ၊ လပွတ္တာ စတဲ့ ခရိုင်တွေက ကမ်းခြေဒေသတွေနဲ့ အင်း၊ အိုင်၊ ချောင်း၊ မြစ်ထဲကနေ အများဆုံးဖမ်းဆီးပြီး ရန်ကုန်စျေးကွက် ကနေတဆင့် ပြည်တွင်းဈေးကွက်တွေကို ပြန်ဖြန့်တာတွေရှိသလို အရင်က တရုတ်စျေးကွက် ကိုလည်း မူဆယ်ကနေတဆင့် တင်ပို့နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။

သတင်း-မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013