
ယီမင်နိုင်ငံတောင်ဘက်ကမ်းလွန်၊ အေဒင်ပင်လယ်ကွေ့အတွင်း ဇူလိုင် ၁၇ ရက်က လက်နက်ကိုင်တိုက်ခိုက်သူတွေဟာ "အဆာနာ" လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းတင်သင်္ဘောပေါ်ကို တက်ရောက်စီးနင်းခဲ့ပြီး လက်ရှိမှာ သင်္ဘောကို ထိန်းချုပ်ထားတယ်လို့ ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
မူလအခြေအနေသုံးသပ်ချက်တွေအရ ဒီဖြစ်စဉ်ဟာ ယီမင်နိုင်ငံက အီရန်ဘက်တော်သား ဟူသီလက်နက်ကိုင်အဖွဲ့နဲ့ မသက်ဆိုင်ဘဲ ဆိုမာလီပင်လယ်ဓားပြတွေနဲ့ပဲ သက်ဆိုင်ပုံရတယ်လို့ ရေကြောင်းလုံခြုံရေး သတင်းရင်းမြစ်တခုက ဆိုပါတယ်။
ဘယ်နိုင်ငံအလံလွှင့်ထူထားလဲဆိုတာ အတည်မပြုနိုင်သေးတဲ့ အဲဒီအသေးစားဆီတင်သင်္ဘောဟာ ဆိုမာလီနိုင်ငံရဲ့ "ဘိုဆာဆို" ဆိပ်ကမ်းကို ဆက်လက်ထွက်ခွာဖို့ စာရင်းပေးထားကြောင်း သင်္ဘောခြေရာခံစနစ် အချက်အလက်တွေအရ သိရပါတယ်။
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ဒေသမှာ လှုပ်ရှားနေတဲ့ ဥရောပသမဂ္ဂရဲ့ "အက်စ်ပီဒီးစ်" ရေတပ်စစ်ဆင်ရေးအဖွဲ့က အရာရှိတယောက်ရဲ့ အဆိုအရ အဲဒီ အဆာနာဆီတင်သင်္ဘောကို ကူညီဖို့နဲ့ ဘာဖြစ်ခဲ့လဲဆိုတဲ့ အခြေအနေ အသေးစိတ်ကို သိရဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားစစ်သင်္ဘောတစီးလည်း အဲဒီဧရိယာထဲမှာ ရောက်ရှိနေတယ်လို့ အဲဒီအရာရှိကပဲ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဗြိတိန်ရေကြောင်းကုန်သွယ်မှုစစ်ဆင်ရေးအဖွဲ့ (UKMTO) ကလည်း သောကြာနေ့မှာ ယီမင်နိုင်ငံ "အာလ်မူကာလာ" ဆိပ်ကမ်းရဲ့ တောင်ဘက် ရေမိုင် ၆၅ မိုင်အကွာ အေဒင်ပင်လယ်ကွေ့ အရှေ့ဘက်ကို ဖြတ်သန်းမောင်းနှင်နေတဲ့ သင်္ဘောတစီးပေါ်ကို ခွင့်ပြုချက်မရှိဘဲ လူတစု တက်ရောက်စီးနင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters










