DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ် ဝင်ထွက်သွားလာသည့် ကုန်တင်ယာဉ်များကို အစိုးရကြပ်မတ်
DVB
·
May 12, 2020
ကယားပြည်နယ် ဝင်ထွက်သွားလာသည့် ကုန်တင်ယာဉ်များကို အစိုးရကြပ်မတ်
Donate to DVB

COVID-19 ရောဂါကြိုတင်ကာကွယ်တဲ့အနေနဲ့  ကယားပြည်နယ် အစိုးရအဖွဲ့က  ကုန်စည်ပို့ဆောင်နေတဲ့ ယာဉ်တွေနဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အပြင်ထွက်ခွင့်မပြုဘဲ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းမှာ နေထိုင်ဖို့ ကြပ်မတ်လိုက်ပါတယ်။

မေ ၁၀ ရက်ကစပြီး ကုန်စည်ပို့ဆောင်တဲ့ယာဉ်တွေနဲ့  ယာဉ်မောင်း ယာဉ်နောက်လိုက်တွေကို အခုလို ကြပ်မတ်လိုက်တဲ့အတွက် ပြည်နယ်အတွင်းပြန်ဝင်လာမယ့် ကုန်တင်ကားတချို့ ပြည်နယ်ထဲကို မဝင်လာရဲဘဲဖြစ်နေရတယ်လို့ ကုန်တင်ယာဉ်မောင်း ကိုမျိုးမြင့်သန်းက ပြောပါတယ်။

“ဒီလိုမျိုးကြီးနေမယ့်အတူတူကတော့ တချို့ကလည်း ကုန်ရှိရှိမရှိရှိသွားကြတာပေါ့နော်။ နောက်လာမယ့် ကားတွေလည်း အခက်အခဲဖြစ်နေတာပေါ့။ သူတို့လည်း မဝင်ရဲဘူးဖြစ်နေကြတယ်။ သူငယ်ချင်းတယောက်ဆိုရင် တောင်ငူမှာဆန်တင်တယ်။ ဒါပေမယ့်သူဝင်ဖို့ အဆင်မပြေဘူးပေါ့နော်။ သူတို့ခေါ်ထားလို့ ကျနော်တို့ လာနေတယ်ဗျာ။ သူတို့ကြိုတင်ပြီး မထုတ်ပြန်တဲ့အတွက်ကြောင့် ဒီမှာပြေးဆွဲနေတဲ့ကားတွေမှာ လုံးဝနှောင့်အယှက်ဖြစ်သွားတယ်။”

အဲဒီ အ.ထ.က (၆) ကို ဝင်ရောက်လာတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ ကျန်းမာရေးဆေးစစ်ချက်ခံရယူရသလို ကိုယ်ရေးရာဇဝင်၊ နေရပ်လိပ်စာကို ပေးထားရသလို ယာဉ်လိုင်စင်တွေကိုလည်း ပေးထားရတယ်လို့ ပြောပါတယ်။

နောက်ထပ်ယာဉ်မောင်းတဦးက“ကျနော်တို့ ကျန်းမာရေးထောက်ခံစာကို ထွေအုပ်ရုံးမှာယူပြီး ထွက်ရတယ်။ ထွက်ပြီးပြန်လာတော့ ဒီ ရှမ်း ကယားနယ်စပ်ဂိတ်မှာ ပြရတယ်။ ပြပြီးမှ ကျနော်တို့ ပြန်ဝင်ခွင့်ရတယ်။ ပြန်ဝင်တော့ ဒီ အ.ထ.က (၆) ကို တန်းလာခိုင်းတာပေါ့။” လို့ ပြောပါတယ်။

ပြည်နယ်ပြင်ပကနေ ပြန်ဝင်လာတဲ့ ကုန်တင်ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေကို အိမ်ပြန်ခွင့်မပြုပေမယ့် ကုန်ရှိလို့ ကုန်ပြန်တင်မယ်ဆိုရင် ပြည်နယ် ပြင်ပ ပြန်ထွက်ခွင့်ပြုတယ်လို့ လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ဒါပေမယ့်ကုန်သွားပြန်မတင်တော့ရင်တော့ အဲဒီ အ.ထ.က (၆) မှာပဲ Facilaty Quarantine  ၂၁ ရက် ဝင်ရမယ်လို့ ပြောပါတယ်။

“အိမ်တော့ ပြန်လွှတ်လို့မရဘူးပေါ့။ ရန်ကုန်၊ မန္တလေးက ပြန်လာတယ်ဆိုရင်ပေါ့။ ဒါပေမယ့် သူက ဒီမှာ တစ်ရက်၊ နှစ်ရက်ပဲနေမယ်။ ကုန်ကားကြီးပြန်မောင်းမယ်ဆိုရင်လည်း မောင်းပေါ့။ သူတယောက်ပဲ မောင်းပေါ့။ တခြားလူ မပြောင်းနဲ့ပေါ့။”

ဒီကုန်တင်ယာဉ်ရပ်နားစခန်းမှာ တခြားတိုင်းနဲ့ ပြည်နယ်ကလာတဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ဆိုရင်တော့ အဲဒီမှာ ခေတ္တနားနေခွင့်ပေးပြီး ပြန်လည်ထွက်ခွာခွင့်ပေးထားတယ်လို့လည်း ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ပြည်နယ်အတွင်း အခြေစိုက်ကားသမားတွေအနေနဲ့ ဒီလို Quarantine ဝင်ရမယ်ဆိုရင်တော့ ပြန်ထွက်သွားရမယ့် အနေအထားရှိနေပါတယ်။

ဒါ့အပြင် ဒီ အ.ထ.က ၆ မှာ ဝင်ရောက်နေထိုင်ဖို့ ကြပ်မတ်ထားပေမယ့် ကားသမားတွေနေဖို့ အဆောင်ကလွဲပြီး စောင်နဲ့ ခေါင်းအုံးတွေ စီစဉ်ပေးတာမရှိသလို စားစရာနဲ့သောက်သုံး ရေတွေ စီစဉ်ထားတဲ့အတွက် အိမ်ကနေ ပြန်မှာယူစားသောက်နေရတယ်လို့လည်း အဲဒီကို ရောက်ရှိနေတဲ့ ကားသမားတွေက ပြောပါတယ်။

“အမှန်ကျွေးရမှာလေ Quarantine ဝင်တယ်ဆိုရင်။ အခု ကိုယ့်အိမ်ကနေ ကိုယ်ယူလာရတာ။ အိမ်က လာပို့ပေးရတာပေါ့ဗျာ။ အိမ်က မိသားစုလည်း အလုပ်ရှုပ်ကုန်တာပေါ့။  ”

ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအနေနဲ့ နယ်စပ်ဂိတ်က အ.ထ.က ၆ ကို ဝင်လာခိုင်းလို့ ဝင်လာကြတာဆိုပေမယ့် စည်းကမ်းချက်တွေကို တိတိကျကျ မသိရလို့ယာဉ်မောင်းအတော်များများ ရပ်နားရမယ့် သဘောရှိပြီး ကုန်စည်စီးဆင်းမှုကိုလည်းထိခိုက်နိုင်တယ်လို့လည်း ကိုမျိုးမြင့်သန်းက  ပြောပါတယ်။

“ ကားသမားတွေကတော့ တချို့ထွက်ဖို့ တော်တော်စဉ်းစားမှာပေါ့။ တချို့ကုန်အဆင်သင့်ရှိ တဲ့လူတွေကတော့ သွားကြမှာပေါ့။ ကျနော်တို့ကတော့ မထွက်နိုင်တော့ဘူးလေ။ ကားတွေ မထွက်နိုင်တော့ဘူးဆိုရင်တော့ စားသုံးသူတွေအတွက် ကုန်ဈေးနှုန်းမြင့်တက်မယ်။ အ‌ခြေခံ လူတန်းစားတွေအတွက် အဆင်မပြေမှုတွေ ဖြစ်လာမှာပေါ့။ ”

ကယားပြည်နယ်အတွင်း ဝင်ထွက်သွားလာတဲ့ ကုန်ကားတွေကို  မနက် ၇ နာရီမှာ စတင်ထွက်ခွာ ခွင့်ပြုပြီး ည ၇ နာရီကျော်ရင်တော့ ပြည်နယ်အတွင်း ပြန်ဝင်ခွင့်မပြုတော့ပါဘူး။

ဒါ့အပြင် ကယားပြည်နယ်အတွင်း လာရောက်မယ့်သူတွေနဲ့ ပြည်နယ်ပြင်ပသွားရောက်မယ့် သူတွေ ခရီးသွားထောက်ခံချက်ပါမှ ဝင်ထွက်ခွင့်ရမယ်လို့လည်း အစိုးက မေလ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကယားပြည်နယ်ရှိ  မြို့နယ်အဝင်/အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးတာနဲ့ ခရီးသွား ထောက်ခံချက်တွေ စစ်ဆေးခြင်းတွေကိုလည်း ပြုလုပ်နေပါတယ်။

ပြည်နယ်တွင်းကို လာရောက်သူဖြစ်စေ၊ ပြည်နယ်အတွင်းမှ ပြင်ပသို့သွားရောက်သူတွေ ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွေကနေ တပတ်အတွင်း ထုတ်ပေးထားတဲ့  ခရီးသွား ထောက်ခံချက်တွေကို  ယူဆောင်လာကြရမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013