
ကုန်တင်ယာဥ်တွေကို ခရီးမိုင်အလိုက် စက်သုံးဆီ လုံလောက်စွာ ရောင်းချပေးဖို့ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MHFTSA) က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို တင်ပြ တောင်းဆိုထားပါတယ်။
လက်ရှိမှာ ကုန်တင်ယာဥ်တွေအနေနဲ့ လမ်းခရီးတလျှောက် စက်သုံးဆီ လုံလောက်စွာ မရရှိတဲ့အတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်လည်ပတ်ဖို့ အခက်တွေ့နေရတယ်လို့ MHFTSA က ဆိုပါတယ်။
အဲဒါကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်မသွားအောင်နဲ့ ကုန်တန်ဆာခ မြင့်မားတာမျိုး မဖြစ်ရအောင် သတ်မှတ်စျေးနှုန်းနဲ့ ခရီးအကွာအဝေးအလိုက် စက်သုံးဆီ လုံလောက်စွာ ရောင်းချပေးဖို့ သက်ဆိုင်တဲ့ အစိုးရ၊ ဆီလုပ်ငန်းရှင်အသင်းတို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ UMFCCI ဆီ မတ် ၂၀ ရက်စွဲပါစာ တင်ပြထားတာ ဖြစ်ပါတယ်။
MHFTSA က ၆ ဘီးကုန်တင်ယာဥ်ကို ၁၀ မိုင်အတွက် ဆီတဂါလံ၊ ၁၀ ဘီးကနေ ၁၄ ဘီးယာဥ်ကို ၈ မိုင်အတွက် တဂါလံ၊ ၁၈ ဘီးကနေ ၂၂ ဘီးယာဥ်ကို ၆ မိုင်အတွက် တဂါလန်နှုန်း ရောင်းပေးဖို့ တင်ပြထားတာပါ။
ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တယောက်က “သယ်ယူစရိတ်တွေတက်ရင် ကုန်စျေးနှုန်းပါ တက်သွားမှာ။ အခုလည်း ရိုက်ခတ်မှုတွေက ဖြစ်နေပြီ” လို့ ပြောပါတယ်။
ဒါ့အပြင် သင်္ကြန်ရက်ရှည်ပိတ်ရက် မတိုင်ခင် ကုန်စည်ပို့ဆောင်မှုတွေ အများဆုံး လုပ်ရလေ့ရှိတာကြောင့် စက်သုံးဆီလုံလောက်စွာ ရဖို့အတွက် အရေးပေါ်လိုအပ်နေတယ်လို့ ပွဲရုံဖွင့်လှစ်ထားသူတွေက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ကုန်တင်ကားတွေကို တရက်မှာ ဆီလီတာ ၅၀ နဲ့ ကုန်တင်တွဲကားကြီးတွေကို လီတာ ၁၅၀ ပဲ ရောင်းချဖို့ စက်သုံးဆီအရောင်းဆိုင်တွေကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အဝေးပြေးခရီးသွားရမဲ့ကားတွေကို ခရီးမိုင် ၁၀၀ ပြည့်ရင် နောက်တကြိမ် ဆီဖြည့်ခွင့်ပေးပေမဲ့ ဆီဝယ်ဖို့ အချိန်ပေး စောင့်ရမှာမျိုးတွေရှိလို့ အဆင်မပြေဘူးလို့ ယာဥ်မောင်းတွေက ပြောပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေးပြဿနာတွေကြောင့် မြန်မာ အပါအဝင် နိုင်ငံတကာမှာ မတ်လဆန်းပိုင်းကစပြီး စက်သုံးဆီအခက်အခဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။











