
တက္ကစီ၊ သုံးဘီးနဲ့ ကုန်တင်ကားတွေကို ဧပြီ ၃ ရက်ကစပြီး မောင်းခဲ့တဲ့ ခရီးအကွာအဝေးအလိုက် ဆီရောင်းပေးတော့မယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ကားတစီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်လို့ စက်သုံးဆီပမာဏ သတ်မှတ် ရောင်းချပေးနေတာမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍနဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍတို့မှာ အဆင်ပြေစေဖို့ တက္ကစီ၊ သုံးဘီးနဲ့ ကုန်ကားတွေကို ပမာဏတိုးမြှင့် သတ်မှတ်ပေးထားပြီး တပတ်မှာ ၃ ရက်စီ ဆီဖြည့်ဖို့ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ဒါကို အခွင့်ကောင်းယူပြီး မသမာတာတွေ လုပ်နေတာကို စစ်ဆေးတွေ့ရလို့ အဲဒီယာဉ်တွေကို မောင်းခဲ့တဲ့ ခရီးအလိုက်ပဲ ဆီရောင်းတော့မယ်လို့ ထုတ်ပြန်လာတာပါ။
မတ် ၂၇ ရက်ကစလို့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ စက်စွမ်းအားအလိုက် အပတ်စဉ် ဆီပမာဏ သတ်မှတ်ရောင်းပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တနိုင်ငံလုံးမှာရှိတဲ့ စက်သုံးဆီဆိုင်ပေါင်း ၂,၉၄၃ ဆိုင်ထဲက ဆိုင်ပေါင်း ၈၇၉ ဆိုင်မှာ Bar Code/ QR Code တွေကို Scan ဖတ် ရောင်းချပေးနေပြီး ဒီတပတ်ကစလို့ ပုသိမ်မြို့နဲ့ ရန်ကုန်-ပြည်-မကွေး လမ်းမကြီးတလျှောက်က မြို့တွေမှာလည်း အဲဒီစနစ် စတင်တော့မယ်လို့ ဆိုပါတယ်။
သတ်မှတ်ချက်တွေအတိုင်း မရောင်းချတဲ့ စက်သုံးဆီဆိုင် ၁၇ ဆိုင်ကို ယာယီပိတ်သိမ်း အရေးယူထားပြီး နောက်ထပ် ၂၄ ဆိုင်ကို ပြင်းပြင်းထန်ထန် သတိပေးထားတယ်လို့ စစ်ကောင်စီက မတ် ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။











