
စက်သုံးဆီစျေး ကြီးမြင့်လာပြီးနောက်ပိုင်း အွန်လိုင်းဝန်ဆောင်မှုနဲ့ငှားရမ်းရတဲ့ တက္ကစီတွေကို တကြိမ်တည်းခေါ်မရဘဲ ကျသင့်နှုန်းထားပြင်ဆင်ပြီးမှ လက်ခံတာမျိုးတွေ ကြုံနေရတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေဆီက သိရပါတယ်။
တက္ကစီငှားမဲ့သူက အက်ပလီကေးရှင်းကနေ ကားငှားရာမှာ ကျသင့်တဲ့နှုန်းထားနဲ့အတူ လက်ခံတဲ့ ကားအမျိုးအစား၊ ယာဉ်မောင်းတို့နဲ့ အော်ပရေတာက ချိတ်ဆက်ပေးခဲ့ပေမဲ့ ခဏအကြာမှာ ခရီးစဉ် လက်ခံတာကို ပယ်ဖျက်သွားတာမျိုး ရှိနေတာလို့ ဆိုပါတယ်။
အဲဒီလိုပယ်ဖျက်လိုက်တဲ့အတွက် နောက်တကြိမ်ထပ်ခေါ်ရာမှာ တခြားကားတစီးနဲ့ချိတ်ဆက်မိပြီး ကျသင့်တဲ့နှုန်းထား တိုးသွားတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ရန်ကုန်မြို့နေပြည်သူတယောက်က ပြောပါတယ်။
“ပိတ်ရက်မှာ လိုင်းကားသိပ်မထွက်လို့ မသွားလို့မဖြစ်တာနဲ့ Grab ခေါ်တာ။ ပထမအကြိမ် လက်ခံတုန်းကထက် ၃ ထောင်လောက် တိုးသွားတယ်။ ချက်ချင်းပြန်ခေါ်တာကို စျေးပြောင်း သွားတာ”
အဲဒီလို တကြိမ်တည်းနဲ့ခေါ်မရဘဲ စျေးတိုးသွားတဲ့ဖြစ်ရပ်ကို အခုနောက်ပိုင်း အွန်လိုင်းအသုံးပြု တက္ကစီ ငှားစီးရာမှာ အတော်များများကြုံနေရတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
လုပ်ငန်းကိစ္စအတွက် တက္ကစီအသုံးပြုလေ့ရှိသူတယောက်က “အခု လက်တားတွေက စျေးမတရားတောင်းလို့ အွန်လိုင်းကငှားတာကိုမှ Cancel လုပ်တာတွေနဲ့ကြုံနေရလို့ အရေးအကြောင်းဆို သွားချင်တဲ့အချိန်သွားမရဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ စက်သုံးဆီစျေးကြီးမြင့်နေပြီး ဆီဝယ်ဖို့အကန့်သတ်တွေရှိနေတဲ့အတွက် ဆီကား တက္ကစီတွေ ကားခပိုယူနေရုံတင်မကဘဲ CNG ဂက်စ်ကားတွေကပါ စျေးပိုတောင်းနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေက ဆိုပါတယ်။
CNG တက္ကစီတွေ ကားခပိုတောင်းရင် အရေးယူမယ်လို့ သက်ဆိုင်ရာက သတိပေးထားပေမဲ့ လက်တွေ့မှာတော့ ထိထိရောက်ရောက်ကိုင်တွယ်တာမတွေ့ရဘူးလို့ ခရီးသွားတွေက ပြောပါတယ်။
စက်သုံးဆီအခက်အခဲဖြစ်ပေါ်ခဲ့ပြီး အိမ်စီးကားတွေကို စုံ၊ မစနစ်နဲ့မောင်းဖို့သတ်မှတ်ထားတာ၊ တက္ကစီခပိုတောင်းလာတာတွေကြောင့် ဘတ်စ်ကားပြောင်းစီးသူတွေရှိလာခဲ့သလို YBS ကားစီးသူ ၂ သိန်းခွဲနီးပါး တိုးလာတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။










