DVB Logo
Home
မြန်မာသတင်း
မြင်းမူမြို့နယ်က မီးဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
DVB
·
May 12, 2020
မြင်းမူမြို့နယ်က မီးဘေးဒုက္ခသည်များ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်နေ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ စိုင်မြစ်ကျေးရွာမှာ အရက်ကြောင် ကြောင်နေသူတစ်ဦးက မီးရှို့လို့ နေအိမ် ၄၅ လုံး မီးလောင်ဆုံးရှုံးမှု မေလ ၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် လူနဲ့ ကျွဲနွားတွေ ထိခိုက်မှု မရှိပေမယ့် အိမ်ထောင်စု ၅၂ စုကလူဦးရေ ၁၈၁ ဦး မီးဘေးဒုက္ခသည်ဖြစ်ခဲ့ကြပြီး လက်ရှိမှာ နီးစပ်ရာတွေမှာ ယာယီခိုလှုံနေကြရကာ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲတွေ ရှိနေတယ်လို့ ကျေးရွာတာဝန်ခံက ပြောပါတယ်။

"လောလောဆယ်တော့ နေအိမ်ပြန်လည်တည်ဆောက်ရေးမှာ သုံးလို့ရအောင် စေတနာရှင်တစ်ဦးက ဝါးအလုံး ၁၀၀၀ လာလှူထားတာပဲရှိသေးတယ်။ အစိုးရကလည်း မီးဘေးသင့်အိမ်တွေကို ဆုံးရှုံးမှုအလိုက် ငွေကြေးထောက်ပံ့တာတော့ ရှိတယ်။ ရပ်ဝေးရပ်နီးကနေ အဝတ်အထည်၊ ဆန်၊ ဆား၊ အခြေခံစားသောက်ကုန်တွေတော့ လာလှူကြတာတွေ ရှိနေပါတယ်။‌ နေအိမ်ဆောက်နိုင်ရေး လာလှူပေးကြပါဖို့လည်း ဖိတ်ခေါ်ပါတယ်။"လို့ ကျေးရွာ တာဝန်ခံ ဦးကြည်လွင်က ပြောပါတယ်။ 

စိုင်မြစ်ကျေးရွာမှာ အိမ်ခြေ ၁၂၀ ရှိပါတယ်။ လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေကို မြင်းမူ၊ မြောင်၊ ချောင်းဦး၊ စစ်ကိုင်း၊ မုံရွာ စတဲ့ မြို့နယ်တွေက အလှူ ရှင်တွေကလည်း စားသောက်ကုန်၊ အဝတ်အထည်နဲ့  ငွေကြေးတချို့ကို လာရောက်လှူဒါန်းနေကြပါတယ်။ 

အခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမှာ မီးလောင်မှုက ခပ်စိပ်စိပ်ဖြစ်နေတာပါ။ မြင်းမူမြို့နယ်က စိုင်မြစ်ကျေးရွာမှာ မီးလောင်ပြီး နောက်နေ့တွေမှာ ဘုတလင်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ချောင်းဦးမြို့နယ်တွေမှာလည်း မီးလောင်မှုတွေဖြစ်ပေါ်ခဲ့လို့ စုစုပေါင်း နေအိမ် ၈ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။ 

မေလ ၁၁ ရက် ညပိုင်းကလည်း ယင်းမာပင်မြို့နယ်၊ မင်းမကုန်းကျေးရွာမှာ မီးကြွင်းမီးကျန် ပေါ့ဆမီးကတဆင့် နေအိမ် ၅ လုံးအပါအဝင် တခြားအဆောက်အအုံနဲ့ ပစ္စည်းတွေ မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။ 

စစ်ကိုင်းတိုင်းအတွင်း ၂၀၁၈-၁၉ ခုနှစ်မှာ မီးလောင်မှုအကြိမ်ရေ ၂၀၆ ကြိမ်ဖြစ်ပွားကာ ဆုံးရှုံးမှု ကျပ်သန်းပေါင်း ၂၂၀ ကျော်ရှိခဲ့ပါတယ်။

အဲဒီထဲမှာ မီးလောင်မှုအများစုက လျှပ်စစ်မီးကြောင့်ဖြစ်ပြီး ၆၃ ကြိမ်၊ ပေါ့ဆမီး ၅၀၊ မီးဖိုမီး ၄၄၊ ရှို့မီး ၃၀၊ တောမီး ၁၃၊ အလိုအလျောက်မီး ၅ ကြိမ်နဲ့ မိုးကြိုးမီး ၁ ကြိမ်တို့ ဖြစ်ပေါ်ခဲ့တယ်လို့ တိုင်းအစိုးရရဲ့ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

မီးလောင်မှုအကြိမ်ရေ လျော့နည်းပြီး ဆုံးရှုံးမှု နည်းအောင် မီးသတ်တပ်ဖွဲ့ကတော့ သရုပ်ပြလေ့ကျင့်တာ၊ အသိပညာပေးတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေကို မြို့နယ်အလိုက် လုပ်ဆောင်နေပါတယ်။ 

ဒါ့အပြင် ယာဉ်ယန္တရားတွေကိုလည်း တိုင်းဒေသကြီးဘတ်ဂျက်၊ ပြည်ထောင်စုဘတ်ဂျက်တို့ကနေ ဖြည့်ဆည်းနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေကြောင့်  ပြီးခဲ့တဲ့ မေလ ၅ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကိုတော့  စစ်ကိုင်းတိုင်းမှာ မကျင်းပဖြစ်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013