DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် Mask မတပ်သည့်ဈေးသည် ၆၀၀ ခန့်ကို ဒဏ်ရိုက်
DVB
·
May 11, 2020
ဧရာဝတီတိုင်းတွင် Mask မတပ်သည့်ဈေးသည် ၆၀၀ ခန့်ကို ဒဏ်ရိုက်
Donate to DVB

ဧရာဝတီတိုင်းထဲက ဈေးတွေမှာ နှာခေါင်းစည်း Mask မတပ်လို့ ဈေးသည်ပေါင်း ၆၀၀ လောက်ကို ဒဏ်ရိုက်ခဲ့ပြီး ဒဏ်ငွေ ၂၅ သိန်းကျော်ရခဲ့တယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

တိုင်းထဲမှာရှိတဲ့ စည်ပင်သာယာဈေးပေါင်း ၁၃၂ ဈေးမှာ မေလ ၁၁ ရက်နေ့အထိ Mask မတပ်တဲ့ ဈေးသည်ပေါင်း ၅၈၀ ကို ဒဏ်ရိုက်လိုက်လို့ ဒဏ်ကြေးရငွေပေါင်း ၂,၅၃၆,၀၀၀ ကိုလည်း ဒဏ်ကြေးရငွေအနေနဲ့ ဘက်ဂျက်ထည့်သွင်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ 

စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က “ဈေးရောင်းသူရော၊ ဈေးဝယ်သူရော Mask တပ်ရေးအတွက် မြို့တိုင်းမြို့တိုင်းမှာ ပြန်လည်အသုံးပြုလို့ရတဲ့ Mask ထုတ်လုပ်ပါ။ ထုတ်လုပ်ပြီးတော့ အသက်သာဆုံးနှုန်းထားနဲ့ ဈေးရောင်းသူ ဈေးဝယ်သူတွေကို ဝေငှပေးပါ၊ ရောင်းချပေးပါ။ အလှူရှင်တွေရှိရင် အခမဲ့ဖြန့်ဝေပေးပါဆိုတဲ့အထိ လမ်းညွှန်ထားတယ်” လို့ ပြောပါတယ်။

ညွှန်ကြားချက်တွေ၊ လမ်းညွန်ချက်တွေကို မလိုက်နာရင် ဒဏ်ငွေရိုက်ဖို့ မူလကတည်းက ညွှန်ကြားထားသလို အခုအခါ တိုးမြင့်လုပ်ဆောင်ဖို့ ထပ်မံညွှန်ကြားထားတယ်လို့ ဆိုပါတယ်၊ 

စည်ပင်သာယာရေးဝန်ကြီးက “ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေမှာ ဒဏ်ငွေကို ၅,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ ချမှတ်နိုင်တယ်။ တချို့မြို့နယ်က ၅,၀၀၀ ကျပ်ကောက်တာရှိသလို တချို့မြို့နယ် ၁၀,၀၀၀ ကျပ်ကောက်တာရှိတယ်။ ဒုတိယအကြိမ်ဆို အခုကောက်ထားတာ တိုးမြှင့်ကောက်မယ်။ လိုက်နာခြင်းမရှိတဲ့ ဆိုင်တွေဆို ပိတ်သိမ်းတာလုပ်မယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာဈေးတွေမှာ ဈေးရောင်းချသူ၊ ဈေးဝယ်သူတွေပါ လက်ဆေးဖို့ နေရာတွေလုပ်ပေးတာ၊ ဈေးတွေမှာ Mask‌ တွေ ဝေတာတွေ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ပုသိမ်မြို့အောင်ဧရာဈေး (ဘူတာဈေး) မှာ ရောင်းချသူဦးလှမြင့်က “သက်ဆိုင်ရာလူကြီးတွေ အကြီးအကဲတွေအနေနဲ့ mask တပ်ဖို့အတွက်ကို ပညာပေးစနစ်ပဲဖြစ်ဖြစ်၊ မနစ်နာတဲ့ ဒဏ်ပေးတဲ့စနစ်ပဲဖြစ်ဖြစ် အရေးယူဆောင်ရွက်သင့်တယ် မြင်တယ်” လို့ ပြောပါတယ်။

ဈေးတွေမှာ တော်တော်များများက Mask တပ်ကြပေမယ့် အယောက် ၁၀၀ မှာ ၃၀ ကျော်လောက်ကတော့ မတပ်ကြဘူးလို့ ပုသိမ်မြို့အောင်ဧရာဈေးမှာ ရောင်းချသူတယောက်က ပြောပါတယ်။

ပုသိမ်မြို့က စည်ပင်သာယာရေးဈေးတွေမှာ စည်ပင်သာယာရေးအဖွဲ့နဲ့ အလှူရှင်တွေက ဈေးရောင်းချသူတွေကို Mask တွေ၊ Face shield တွေကို ဧပြီလတုန်းက ဝေပေးခဲ့ပါတယ်။

“ဒဏ်ရိုက်တာ တပ်အောင်လို့လုပ်တဲ့ ရည်ရွယ်ချက်ပါ။ Mask မတပ်ရင် ဒဏ်ရိုက်ခံရမယ်လို့ သူတို့အသိလေးတွေ ဝင်သွားအောင် သက်ဆိုင်ရာလူကြီးတွေက လုပ်တယ်လို့ ကျနော်ထင်ပါတယ်” လို့ Pathein covid-19 information အဖွဲ့မှ ဦးသက်နောင်က ပြောပါတယ်။

ဧရာဝတီတိုင်းထဲက စည်ပင်သာယာဈေးတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဆိုင်တွေ ကလွဲပြီး တခြားဆိုင်တွေကို မေ ၁၅ ရက်အထိ ယာယီပိတ်ထားသလို ရောင်းဝယ်ရာမှာလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း ရောင်းဝယ်ဖို့ တိုင်းဒေသကြီးအဆင့် COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

စည်သူမောင်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013