
ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေအတွင်း ဇွန် ၃၀ ရက်က လူ ၉၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ တောင်အာဖရိကရဲတပ်ဖွဲ့က ဇူလိုင် ၁ ရက်မှာ ပြောပါတယ်။
ဆန္ဒပြသူအများစုက ငြိမ်းချမ်းပေမဲ့ တချို့နေရာတွေမှာ အကြမ်းဖက်မှုနဲ့ လုယက်မှုအသွင် ပြောင်းလဲသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆက်ပြောပါတယ်။
အမျိုးသားရဲတပ်ဖွဲ့ ဒုတိယကော်မရှင်နာမင်းကြီး တေဘယ်လို မိုစီကီလီက အင်္ဂါနေ့မှာလုပ်တဲ့ ချီတက်ပွဲ ၁၂၀ ထဲက ၁၀၈ ပွဲမှာ ငြိမ်းချမ်းပြီး ၁၂ ပွဲကတော့ မငြိမ်မသက်ဖြစ်ခဲ့လို့ ဥပဒေစိုးမိုးရေးအဖွဲ့တွေက ဝင်စွက်ဖက်ဖို့ လိုခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဖမ်းခံရသူတချို့က လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ အဖမ်းခံထားရတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်ပြီး တခြားသူတွေက အများပြည်သူဆိုင်ရာ အကြမ်းဖက်မှု၊ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ခိုလှုံခွင့်ပေးမှုနဲ့ လုယက်မှုတို့အတွက် ဖမ်းဆီးခံခဲ့ရတာပါ။
လုယက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ သီးခြားဖြစ်ရပ်တွေကို တုံ့ပြန်ဖို့ နိုင်ငံရဲ့ ပြည်နယ် ၉ ခုထဲက ၅ ခုမှာ ရဲတပ်ဖွဲ့ကို ညတွင်းချင်း အင်အားဖြည့်တင်းပြီး တပ်ချထားခဲ့တယ်လို့ မိုစီကီလီက ပြောပါတယ်။
ရဲတပ်ဖွဲ့ကို ကူညီပံ့ပိုးဖို့ စစ်သားတွေကို ဂျိုဟန်နက်စ်ဘာ့ဂ်မြို့က ဟေးလ်ဘရိုးရပ်ကွက်ဆီ လွှတ်ခဲ့ရပါတယ်။
အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တောင်အာဖရိကကနေ ထွက်သွားဖို့ နောက်ဆုံးရက်ကို သတ်မှတ်ဖို့အရေး ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေး လှုပ်ရှားမှုတခုက အင်္ဂါနေ့က ချီတက်ပွဲတွေကို စီစဉ်ခဲ့တာပါ။
လပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ မငြိမ်မသက်မှုတွေအတွင်း နိုင်ငံခြားသားတွေ သူတို့အိမ်တွေကနေ မောင်းထုတ်ခံရပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရလို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပြီးတဲ့နောက်မှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters











