
ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ လုယက်မှုနဲ့ လူသတ်မှုကျူးလွန်တယ်လို့ သံသယရှိတဲ့ အမေရိကန်ရေတပ်က ကမ်းတက်စစ်သည်တယောက် ဖမ်းဆီးခံရတယ်လို့ ဒေသတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
အိုကီနာဝါစီရင်စုမှာ တာဝန်ကျနေတဲ့ အသက် ၂၀ အရွယ် အမေရိကန်ရေတပ်က ကမ်းတက်စစ်သည် တယောက်ကို လုယက်မှုနဲ့ လူသတ်မှုကျူးလွန်တယ်ဆိုတဲ့ သံသယနဲ့ အောက်တိုဘာ ၄ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ NHK ရုပ်သံက ဖော်ပြပါတယ်။
အောက်တိုဘာ ၃ ရက်မှာ နာဟာမြို့က ဟိုတယ်တခုမှာ အသက် ၃၉ နှစ်အရွယ် အမျိုးသမီးတယောက်ကို သေဆုံးလျက်သားတွေ့ခဲ့ရပြီး သူ့ ပိုက်ဆံအိတ်နဲ့ တခြား ကိုယ်ပိုင်ပစ္စည်းတွေ ပျောက်ဆုံးနေခဲ့ပါတယ်။
အမေရိကန်မရိင်းတပ်ဖွဲ့ဝင် ပထမဆင့် တပ်သားဖြစ်တဲ့ သံသယရှိခံရသူဟာ အမျိုးသမီးကို သတ်ဖြတ်ပြီး သူ့ပိုက်ဆံအိတ်နဲ့ တခြားပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ သံသယ ရှိတဲ့အကြောင်း ရဲတပ်ဖွဲ့ကို ကိုးကားပြီး NHK က ဖော်ပြပါတယ်။ စစ်ဆေးမေးမြန်းရာမှာ သံသယရှိသူက စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source: Reuters










