
သဲကန္တာရဖြစ်ထွန်းမှုကို တွန်းလှန်ဖို့နဲ့ ရာသီဥတု ပူနွေးမှုရဲ့ အကျိုးဆက်တွေကို လျှော့ချဖို့ ကြိုးပမ်းချက် တစိတ်တပိုင်းအနေနဲ့ အီရတ်နိုင်ငံရဲ့ အဓိက ဘာသာရေးမြို့တော် ကာဘာလာမြို့ တဝိုက်က သဲကန္တာရထဲမှာ ၅၅ ဒသမ ၉၂ မိုင် ရှည်လျားတဲ့ စိမ်းလန်းတဲ့ ဇုန်တခုကို စတင် ပုံဖော် နေပါတယ်။
ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ ဘဲတွေ ရေကူးနေတဲ့ ရေလှောင်ကန်ငယ် တခုဘေးက သဲထဲမှာ ဆိုလာပြားတွေကို ပြထားပြီး စိုက်ပျိုးထားတဲ့ သစ်ပင်ငယ်တွေအတွက် ရေစုပ်စက်တွေက လည်ပတ်နေပါတယ်။
အယ်လ်-အဘတ်စ် ဘုရားကျောင်းက စတင်ခဲ့တဲ့ စီမံကိန်းဟာ အပူချိန်မြင့်တက်လာမှုနဲ့ သဲကန္တာရတိုးချဲ့မှုကို တန်ပြန်ဖို့ ကာဘာလာပြည်နယ်က အယ်လ်-အာဝါလီခြံမှာ သစ်ပင်တသန်း စိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ဘုရားကျောင်းရဲ့ တရားဝင်မီဒီယာကွန်ရက်က ပြောပါတယ်။
လုပ်ငန်းကို သြဂုတ် ၈ ရက်မှာ စတင်ခဲ့ပြီး လေးနှစ်အတွင်း ပြီးစီးဖို့ မျှော်လင့်ထားပါတယ်။
စီမံကိန်းကို ဆောင်ရွက်နေတဲ့ အယ်လ်-လီဝါ နိုင်ငံတကာကုမ္ပဏီ ဒါရိုက်တာ အင်ဂျင်နီယာ အဒယ်လ် အယ်လ်-မာမာက စိမ်းလန်းဇုန်စီမံကိန်းဟာ မိုးခေါင်မှုနဲ့ ဆားငန်မြေကို ခံနိုင်ရည်ရှိလို့ လက်တွေ့ စမ်းသပ်ချက်တွေအပြီးမှာ ရွေးချယ်ထားတဲ့ သစ်တောသစ်ပင်တွေကို သုံးခဲ့တယ်လို့ ရှင်းပြ ခဲ့ပါတယ်။
သစ်ပင်တွေဟာ ဒေသတွင်း ဇီဝမျိုးကွဲတွေကို ဖန်တီးပေးမှာဖြစ်ပြီး ဒေသခံတွေနဲ့ ရွှေ့ပြောင်းငှက် တွေကို ဆွဲဆောင်လိမ့်မယ်လို့ သူက ပြောပါတယ်။
သဲကန္တာရထဲက လယ်ယာတွေဟာ ရေစက်ချ ရေသွင်းစနစ်ကို အားကိုးနေရပြီး ရေတွင်းတွေကနေ မြေအောက်ရေကို ရယူနေတယ်လို့ အယ်လ်-မာမာက ထပ်ပြောပါတယ်။
“စိုက်ပျိုးရေးနဲ့အတူ မြေဆီလွှာကို အစိုဓာတ်ထိန်းပေးပြီး ရေသိုလှောင်နိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတချို့ကို ကျနော်တို့ ထပ်ထည့်ခဲ့ပါတယ်။ ဒါကြောင့် မြေအောက်ရေ သုံးစွဲမှုကို လျှော့ချဖို့ တပတ်ကို နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် ရေလောင်းမဲ့အစား တပတ်ကို တကြိမ်ပဲ ရေလောင်း နိုင်ပါတယ်” လို့ သူက ရှင်းပြခဲ့ပါတယ်။
Source: Reuters











