ဆောင်းရာသီ ရွှေ့ပြောင်းမှု စတင်ချိန် ဘာဒိန်းဂျာရန် သဲကန္တာရကို ကုလားအုတ်ကောင်ရေ ၅၀၀ ကျော် ဖြတ်သန်း

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ဘာဒိန်ဂျာရန် သဲကန္တာရရဲ့ အလယ်ဗဟိုမှာ ကုလားအုတ်ကောင်ရေ ၅၀၀ ကျော်ပါတဲ့ အုပ်စုတစုဟာ ထိန်းကျောင်း သူတွေရဲ့ လမ်းပြမှုနဲ့အတူ သဲတောင်ကုန်းမြင့်ကြီးတွေနဲ့ သဲကန္တာရရေအိုင်တွေဘေးကနေ ဖြတ်သန်းပြီး နှစ်စဉ်ပြုလုပ်နေကျ ဆောင်းရာသီ ရွှေ့ပြောင်းခရီးသွားနိုင်ခဲ့ပါတယ်။
၁၀ ရက်ကြာမြင့်တဲ့ အဲဒီခရီးစဉ်မှာ အာလာရှန်း လက်ယာနယ်မြေက တိရစ္ဆာန်ထိန်းကျောင်းသူ မိသားစု ၁၀ စု ပါဝင်ခဲ့ပြီး ၁၅၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ သဲကန္တာရဧရိယာတလျှောက် ကုလားအုတ်တွေကို လိုက်ပါ စောင့်ရှောက် ထိန်းကျောင်းခဲ့ကြတာပါ။
ထိခိုက်လွယ်တဲ့ သဲကန္တာရမြက်ခင်းပြင် ဂေဟစနစ် ပြန်လည်ကောင်းမွန်လာစေဖို့နဲ့ အေးမြတဲ့ ရာသီဥတုဒဏ်ကြားမှာ တိရစ္ဆာန်တွေ ကျန်းမာကြံ့ခိုင်နေစေဖို့ စားကျက်မြေကို အလှည့်ကျ ပြောင်း လဲအသုံးပြုတဲ့ ရိုးရာစနစ်အတိုင်း အဲဒီကုလားအုတ်တွေကို ပြီးခဲ့တဲ့ မေလကတည်းက သဘာဝ အတိုင်း လွတ်လပ်စွာ ကျက်စားခွင့်ပေးထားခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာလမှာတော့ ကုလားအုတ်တွေကို ပြန်လည်စုစည်းပြီး ခိုလှုံရာနေရာနဲ့ ဖြည့်စွက် အစာအာဟာရတွေ စီစဉ်ပေးထားတဲ့ ဆောင်းရာသီ ကျက်စားရာနေရာတွေဆီ ပို့ဆောင် ပေးခဲ့ကြတာပါ။
တရုတ်နိုင်ငံရဲ့ အဓိက သဲကန္တာရကြီး ၄ ခုထဲက တခုဖြစ်သလို ၂၀၂၄ ခုနှစ်မှာ ယူနက်စကို ကမ္ဘာ့သဘာဝအမွေအနှစ်နေရာအဖြစ် သတ်မှတ်ခံထားရတဲ့ ဘာဒိန်ဂျာရန် သဲကန္တာရရဲ့ သဲပြင်ပေါ်မှာ အတန်းလိုက် ရှည်လျားစွာ ချီတက်သွားလာနေကြတဲ့ ကုလားအုတ် အုပ်ကြီးရဲ့ မြင်ကွင်းဟာ ထူးခြားတဲ့ ဆောင်းရာသီရှုခင်း တခု ဖြစ်လာခဲ့ပါတယ်။
ဒီလို ရွှေ့ပြောင်းသွားလာမှုပုံစံဟာ မွေးမြူရေးတိရစ္ဆာန်တွေ အသက်ရှင်ရပ်တည်နိုင်ရေးနဲ့ သဲကန္တာရမြက်ခင်းပြင်တွေကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကြား မျှတအောင် ဖန်တီးပေးထားတဲ့ မျိုးဆက်အဆက်ဆက်ရဲ့ ဂေဟစနစ်ဆိုင်ရာ ဗဟုသုတတွေကို ထင်ဟပ်စေတာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters











