DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ကိုယ်စားလှယ်များကို မေ ၁၁ ရက်က စတင်၍ ဓာတ်ခွဲနမူနာ စစ်ဆေးဖွယ်ရှိ
DVB
·
May 10, 2020
လွှတ်တော်ကိုယ်စားလှယ်များကို မေ ၁၁ ရက်က စတင်၍ ဓာတ်ခွဲနမူနာ စစ်ဆေးဖွယ်ရှိ
Donate to DVB

ဒုတိယအကြိမ်လွှတ်တော်တွေရဲ့ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့ နေပြည်တော်ကို ရောက်ရှိလာကြတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို မေ ၁၁ ရက်က စတင်ကာ ဓာတ်ခွဲနမူနာယူစစ်ဆေးမှုတွေ ပြုလုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

လွှတ်တော်အသီးသီးရဲ့ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို လာမယ့် မေ ၁၈ ရက်က စတင်ကျင်းပမှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မေ ၁၀ ရက်ထက် နောက်မကျဘဲ နေပြည်တော်ကို လာရောက်ကြဖို့ ပြည်ထောင်စုလွှတ်တော်က အသိပေး အကြောင်းကြားထားတာပါ။

ဒါ့ကြောင့် ဒေသအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တည်းခိုရာ စည်ပင်ဧည့်ရိပ်သာ (၂) ကို မေလဆန်းပိုင်းကတည်းက တဖွဲဖွဲလာရောက်နေကြပြီး ဒီနေ့ မေ ၁၀ ရက်မှာတော့ အစည်းအဝေးတက်ရောက်မယ့် ရွေးကောက်ခံကိုယ်စားလှယ်တွေ အားလုံးနီးပါး ရောက်ရှိနေပြီ ဖြစ်ပါတယ်။ 

ရောက်ရှိလာတဲ့ ကိုယ်စားလှယ်တွေကို ဓာတ်ခွဲနမူနာယူ စစ်ဆေးမှုတွေကိုတော့ မေ ၁၁ ရက်က စတင်ကာ ဆောင်ရွက်ဖွယ်ရှိပြီး သီးသန့် Quarantine ဝင်ရမယ်လို့ ပုလဲမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ပြန်လာတဲ့ ရောက်နေတဲ့ ကိုယ်စားလှယ်တွေကိုတော့ နှာခေါင်းတို့ဖတ်လုပ်ပြီး ဒါတွေကို သူတို့ ၁၁ ရက်၊ သို့မဟုတ် ၁၂၊ ၁၃ ပေါ့နော်၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို နှာခေါင်းတို့ဖတ် နမူနာယူပြီးတဲ့နောက်မှာ အားလုံးက ကိုယ့်ရဲ့ အခန်းထဲမှာပဲ နေဖို့၊ အခြားပြင်ပကို မသွားဖို့၊ ဒါကို Quarantine လုပ်တဲ့သဘောပေါ့။ ၅ ရက်သို့မဟုတ် တပတ်ကို Quarantine လုပ်ထားမယ်။ ဒီထဲမှာမှ Positive ရှိတဲ့ လူနာရှိလာရင်တော့ ဆေးရုံတန်းပို့ရမှာပေါ့။ Positive မတွေ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးက လွှတ်တော်တက်ခွင့်ရမယ်။ လွှတ်တော်ကို သွားဖို့ရာအတွက်ကိုလည်း စီစဉ်ပေးထားတယ် လို့ ပြောပါတယ်။

ဒုတိယအကြိမ်လွှတ်တော်တွေရဲ့ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွေကို မေ ၁၈ ရက်ကနေ နှစ်ပတ်ကြာ ပြုလုပ်မှာဖြစ်ပြီး အဓိကအားဖြင့် COVID-19 နဲ့ ပတ်သက်ပြီး ချေးထားတဲ့ ချေးငွေတွေကို လွှတ်တော်က အတည်ပြုပေးဖို့၊ ပြီးခဲ့တဲ့လွှတ်တော်တွေမှာ မပြီးပြတ်ခဲ့တဲ့ ဥပဒေကြမ်းတွေကို ဆက်လက်ဆောင်ရွက်ဖို့ ရှိနေပါတယ်။

ဒီလွှတ်တော်ဖွင့်ရင် အဓိကလုပ်ရမယ့် အလုပ်ကတော့ ၂၀၁၉-၂၀ ရဲ့ RE ဘတ်ဂျက်ကို အတည်ပြုပေးရတာတွေ ရှိမယ်။ နောက်တခုကတော့ ဒီ COVID နဲ့ ပတ်သက်ပြီးတော့ ချေးထားတဲ့ ချေးငွေတွေကို လွှတ်တော်ဘက်ကနေ အတည်ပြုပေးရတာတွေ ရှိမယ်။ နောက် ပြီးခဲ့တဲ့လွှတ်တော်တုန်းက အတည်ပြုဖို့ရာ ကျန်ခဲ့တဲ့ တချို့ဥပဒေများလည်း ဒီလွှတ်တော်မှာ အတည်ပြုဖို့ရာရှိမယ်။ ဒီလွှတ်တော်တက်ရတဲ့ နှစ်ပတ်အတွင်းကိုတော့ ဘတ်ဂျက်ရယ်၊ ချေးငွေများ အတည်ပြုခြင်းနဲ့ ဥပဒေများအတည်ပြုခြင်း ဒါတွေကို အဓိက ဆောင်ရွက်ရမယ်လို့ အကြမ်းဖျင်းတော့ သိထားပါတယ် လို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

မေ ၁၈ ရက် လွှတ်တော်တက်နိုင်မယ့် ကိုယ်စားလှယ်စာရင်းတွေကို အတိအကျ ရယူကာ လွှတ်တော်ကိုယ်စားလှယ်တွေကို အစည်းအဝေးခန်းမအတွင်း တခုံခြားဆီ ထိုင်စေဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013