DVB Logo
Home
မြန်မာသတင်း
သြဂုတ် ၃၁  ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ကြေညာ 
DVB
·
May 9, 2020
သြဂုတ် ၃၁  ရက်အထိ အပစ်အခတ်ရပ်စဲကြောင်း တပ်မတော်ကြေညာ 
1 / 3
Donate to DVB

မနက်ဖြန် မေလ ၁၀  ရက်နေ့မှ သြဂုတ် ၃၁  ရက်အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  ဒီကနေ့ မေလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ COVID-19  ရောဂါထိန်းချုပ်၊ ကာကွယ်၊ ကုသရေးလုပ်ငန်းတွေ ပိုမိုထိရောက် လျင်မြန် ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ နိုင်ငံတကာစံနှုန်းအတိုင်း နိုင်ငံတော်က အကြမ်းဖက် ဟုသတ်မှတ်ကြေညာထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေရှိနေတဲ့ နေရာများမှအပ ကျန်နယ်မြေတွေမှာ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၀ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲထားကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာအနှံ့မှာ  COVID-19 ကမ္ဘာ့ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတာကြောင့် ကမ္ဘာတဝန်း လက်ရှိဖြစ်ပွား နေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ရပ်တန့်ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းထားသလို  မြန်မာနိုင်ငံမှာလည်း  ကမ္ဘာ့ကပ်ရောဂါ COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးအတွက် နိုင်ငံတော်က ဆောင်ရွက်နေတာကို တပ်မတော်ကလည်း ပါဝင် ကူညီဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

အခုလို အပစ်ရပ် ကြေညာထားတဲ့ကာလမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးအနေနဲ့  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ချက်အနက် ၄ ချက်ကို  အလေးအနက် လိုက်နာကြဖို့လည်း တပ်မတော်က တိုက်တွန်းပါတယ်။

အဆိုပါ ၄ ချက်ကတော့ သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန်တို့ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် တိုက်ခိုက်တာနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ်  အနိုင်ကျင့်တာတွေမလုပ်ဖို့၊ နိုင်ငံတော်အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားအဆင့်ဆင့်ကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးကို လည်းကောင်း၊ ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်နဲ့ အကျိုးစီးပွားတွေကို လည်းကောင်း မထိခိုက်အောင် တာဝန်ယူဖို့နဲ့ မလိုက်နာရင်  တပ်မတော်အနေနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။

တပ်မတော်က စစ်တိုင်း ၅ ခုမှာ စစ်ရေး လှုပ်ရှားတာတွေ ရပ်ဖို့ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်ကနေ ဧပြီ ၃၀ ရက်အထိ တကြိမ်၊ မေ ၁ ရက်ကနေ ဇွန် ၃၀ အထိ တကြိမ်၊ ဇူလိုင် ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တကြိမ်၊ ၃ ကြိမ် ကြေညာခဲ့ဖူးပါတယ်။

အလားတူ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNDAA) ၊ တအောင်း (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA)တို့ကလည်း တဖက်သတ် အပစ်ရပ်ကြောင်း မကြာခဏ ကြေညာခဲ့ဖူးပါတယ်။ 

ဒီလို ပစ်ခိုက်တိုက်ခိုက်မှုတွေ ရပ်စဲကြောင်း ကြေညာထားတဲ့ကြားကပဲ တိုက်ပွဲတွေကတော့ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

PHOTO-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013