
နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၁၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ထိရောက်စွာ ဖိအားပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် အပါအဝင် အဖွဲ့အစည်း ၅၈ ဖွဲ့က ဒီနေ့ ဧပြီ ၂၁ ရက်မှာ စုပေါင်း တောင်းဆိုလိုက်ပါတယ်။
ဧပြီ ၁၀ ရက်က စတင်ခဲ့တဲ့ ၁၂ ရက်တာ (Blue Shirt Campaign) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲမှာ အမျိုးသား ၇,၂၁၆ ယောက်၊ အမျိုးသမီး ၆,၃၉၄ ယောက်နဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ် ၆၃၇ ယောက်တို့ မတရား ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ်ကစလို့ အကျဉ်းထောင်တွင်း နှိပ်စက်ခံရတာနဲ့ ဆေးဝါးကုသခွင့် မရတာတွေကြောင့် အကျဉ်းသား ၂၇၉ ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုရဲ့ အတုအယောင် အစိုးရကို အသိအမှတ်မပြုဖို့၊ ပြည်သူကို ဗုံးကြဲနေမှုတွေ ရပ်တန့်နိုင်ဖို့ လေယာဉ်ဆီရောင်းချမှုတွေ ပိတ်ပင်ဖို့နဲ့ စစ်တပ်ကို နိုင်ငံတကာဥပဒေအရ တာဝန်ခံစေဖို့ အင်အားစုတွေက ပြင်းပြင်းထန်ထန် တောင်းဆိုကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီလှုပ်ရှားမှုဟာ အကျဉ်းထောင်က လွတ်မြောက်ချိန်ကစပြီး နိုင်ကျဉ်းအားလုံး လွတ်မြောက်ရေးအတွက် အပြာရောင်ဝတ်စုံကို အစဉ်တစိုက် ဝတ်ဆင်တိုက်ပွဲဝင်ခဲ့တဲ့ ဦးဝင်းတင်ရဲ့ လမ်းစဉ်ကို ဂုဏ်ပြုဖော်ဆောင်တာဖြစ်ပြီး အကျဉ်းထောင်တွင်းမှာ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ကိုလည်း အလေးအနက် တောင်းဆိုတယ်လို့ ထုတ်ပြန်ပါတယ်။
ဒီလှုပ်ရှားမှုမှာ အနုပညာရှင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ ပူးပေါင်းပါဝင်နေပြီး အင်္ကျီအပြာရောင်တွေဝတ်ဆင်ကာ လက်ဝါးပေါ်မှာတော့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမည်တွေကို ရေးကာ အွန်လိုင်းပေါ်မှာ ပို့စ်တင်နေကြတာလည်း မြင်တွေ့ရပါတယ်။










