
သာကေတဓာတ်အားပေးစက်ရုံကို နိုင်ငံတော်ဓာတ်အားစနစ်နဲ့ စမ်းသပ်ချိတ်ဆက်မှာဖြစ်လို့ မနက်ဖြန်မှာ ရန်ကုန်မြို့က မြို့နယ်တော်တော်များများ မီးခဏပြတ်မယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အသစ်ထပ်ပြီး တည်ဆောက်နေတဲ့ ဓာတ်အားပေးစက်ရုံတွေထဲက သာကေတ ဓာတ်အားပေးစက်ရုံ (၄၀၀ မဂ္ဂါဝပ်) ဟာ မကြာခင် ဆောင်ရွက်ပြီးတော့မှာဖြစ်လို့ နိုင်ငံတော်ဓာတ်အားစနစ်နဲ့ မေ ၁၀ ရက်နေ့မှာ စမ်းသပ်ချိတ်ဆက် မောင်းနှင်နိုင်ရေး စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဒီလိုချိတ်ဆက်တဲ့အခါ (၃၃) ကေဗွီ မြင်တော်သာခွဲရုံ၊ သုမနခွဲရုံ၊ နဝရတ်ခွဲရုံ၊ ရှုခင်းသာခွဲရုံ၊ ဒေါပုံခွဲရုံ၊ Asia World (ဒဂုံမြောက်) ခွဲရုံနဲ့ ဒဂုံတောင်ခွဲရုံတို့ကနေ ဓာတ်အားပေးထားတဲ့ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်တို့က ရပ်ကွက်တချို့၊ စည်ပင်ရေပန်းဥယျာဉ် (Water Boom)၊ ဒဂုံမြောက်က ပုဂ္ဂလိကပိုင်စက်ရုံတွေ၊ တောင်ဒဂုံစက်မှုဇုန်က တချို့နေရာတွေနဲ့ မြင်တော်သာက ပုဂ္ဂလိကပိုင်စက်ရုံတို့မှာ မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအချိန်ထိ လျှပ်စစ်ဓာတ်အားခဏ ပြတ်တောက်နေမယ်လို့ ဆိုပါတယ်။
ဒီလိုဓာတ်အားပိတ်ထားတုန်းမှာ ဓာတ်အားပြတ်တောက်လို့ လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားကို ဓာတ်အားစနစ်မှာ တည်ငြိမ်စေဖို့အတွက် တခြားခွဲရုံတွေကိုပါ ပေါင်းစပ် ထိန်းညှိမောင်းနှင်ရမှာဖြစ်ပြီး တခြားဓာတ်အားခွဲရုံတွေကတဆင့် ဓာတ်အားတွေကို အဆင့်ဆင့် ပြည်လည်ပေးပို့ရတဲ့အခါ ဓာတ်အား အပိတ်/အဖွင့် နာရီဝက်လောက် လုပ်ရမယ်လို့လည်း ဆိုပါတယ်။
ဒီကာလမှာတော့ မရမ်းကုန်း၊ လှိုင်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ အရှေ့ဒဂုံနဲ့ တောင်ဒဂုံမြို့နယ်တို့က ရပ်ကွက်တချို့မှာ လျှပ်စစ်ဓာတ်အား နာရီဝက်လောက် ပြတ်တောက်နေမှာ ဖြစ်ပါတယ်။
အခု မေလထဲမှာ တရက်ကို လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃,၅၃၂ လောက် ထုတ်လုပ်ပေးနေပြီး နောက်ထပ် ၁,၁၆၆ မဂ္ဂါဝပ်ထွက်ရှိမယ့် ဓာတ်အားပေးစက်ရုံတွေ တိုးချဲ့နေတယ်လို့လည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။











