
ဝေဘာဂီအထူးကုဆေးရုံကြီးက ဆေးရုံဆင်းခွင့်ရခဲ့တဲ့ တရားဟောဆရာဒေးဗစ်လားဟာ ဒီနေ့ မေလ ၈ ရက်နေ့မှာဘဲ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး Quarantine သုံးပတ် ဆက်ဝင်ရမှာဖြစ်ကြောင်း Quarantine ၃ ပတ်ဝင်ပြီးရင် အမှုဆက်ရင်ဆိုင်ရမှာဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ဒီဗွီဘီကိုပြောပါတယ်။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က COVID-19 ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်တွေကိုလိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့ တရားဟောဆရာစောဒေးဗစ်လားအပါအဝင် ၄ ဦးကို ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အပေါ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အင်းစိန် မြို့မရဲစခန်းက (ပ)၇၀၆/၂၀၂၀/၂၀၁၃ နဲ့ မရမ်းကုန်းမြို့နယ်ရဲစခန်းက (ပ)၅၈၃/၂၀၂၀နဲ့ အမှုဖွင့်လှစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်မှုကော်မတီက အများပြည်သူကို ဧပြီလ ၁၄ ရက်နေ့က အသိပေးထုတ်ပြန်ထားပါတယ်။
လုပ်ထုံးလုပ်နည်းအရ သူတို့ Quarantine သုံးပတ်ဝင်ပြီးရင် ဥပဒေအကြံပြုချက်ရယူကာ တရားစွဲတင်သွားမှာဖြစ်ကြောင်း အင်းစိန် မြို့မရဲစခန်း ကပြောပါတယ်။
ပိုးတွေ့လူနာ Negative ၂ခါပြပြီးရင် ဆေးရုံဆင်းခွင့်ရပြီးနောက် ပုံမှန်အနေနဲ့ Facility Quarantine နှစ်ပတ် (၁၄ရက်ကြာ)နဲ့ Home Quarantine တစ်ပတ် (၇ရက်ကြာ) စုစုပေါင်း ၂၁ ရက် ဝင်ရပေမယ့် သူတို့ကိုတော့ Facility Quarantine သုံးပတ်ဝင်ဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
ဒီနေ့ မေလ ၈ ရက်နေ့မှာ တရားဟောဆရာစောဒေးဗစ်လားနဲ့ နောက်တစ်ယောက်တို့ဟာ ဆေးရုံဆင်းပြီးနောက် ဗိုလ်တထောင်မြို့နယ်က ဟိုတယ်တစ်ခုမှာ Facility Quarantine သုံးပတ်ဝင်နေပြီဖြစ်ကြောင်း၊ သုံးပတ်ပြည့်ပြီးနောက် တရားရင်ဆိုင်ဖို့ စီစဉ်ထားကြောင်း ဦးမိုးမြင့်က ပြောပါတယ်။










