DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်လေဆိပ်၌ ကန်ကျောက်ဖျက်ဆီး ဆဲဆိုခဲ့သည့် တရုတ်နိုင်ငံသား ၁ ဦးကို  တရားစွဲ
DVB
·
May 15, 2026
Photo: Thai Immigration Bureau
Photo: Thai Immigration Bureau
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေး အလိုအလျောက်တံခါးကို ဖျက်ဆီးပြီး လဝကအရာရှိတွေကို ရိုင်းစိုင်းစွာ ဆဲဆိုခဲ့တဲ့ တရုတ်နိုင်ငံသား တယောက်ကို ဗီဇာပယ်ဖျက်ကာ တသက်တာ နာမည်ပျက်စာရင်းသွင်းလိုက်ပြီး ရာဇဝတ်မှုနဲ့ပါ တရားစွဲထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

မေ ၁၃ ရက် နေ့လယ် ၂ နာရီလောက်က  ထိုင်းလေဆိပ် Departure လူဝင်မှုကြီးကြပ်ရေးဧရိယာမှာ   အသက် ၃၀ အရွယ် တရုတ်ခရီးသွား လီဝေကျန်းဟာ အလိုအလျောက်ဖြတ်ကျော် ထိန်းချုပ်ရေး ဂိတ်ကို အသုံးပြုဖို့ ကြိုးပမ်းစဉ် စနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဂိတ်တံခါး ပွင့်မလာလို့ ဖန်သား အကာအရံကို ကန်ကျောက်ခဲ့တာကြောင့် စက်ပစ္စည်းတွေ ပျက်စီးသွားခဲ့ပါတယ်။ 

ဒီနောက် ဂိတ်တံခါးကို လွဲမှားတဲ့နည်းနဲ့ ထပ်မံအသုံးပြုဖို့ ကြိုးစားခဲ့ပြီး ဒုတိယအကြိမ် ထပ်မံ ကန်ကျောက်ကာ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်တွေကို ပြီးအောင် မလုပ်ဆောင်ဘဲ အတင်းအဓမ္မ တိုးဝှေ့ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် လေဆိပ်လုံခြုံရေးအရာရှိတွေက အဆိုပါအမျိုးသားရဲ့ ဇနီးဖြစ်သူရဲ့ အကူအညီယူပြီး သူ့ကို ဝိုင်းဝန်းတားဆီး ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်။

ဒီလိုထိန်းသိမ်းစဉ်အတွင်း လီဝေကျန်းဟာ တရုတ်ဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ရိုင်းစိုင်းစွာ ဆဲဆိုခဲ့တဲ့အပြင် လူဝင်မှုကြီးကြပ်ရေးအရာရှိတွေကိုပါ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။

ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ဘတ် ၄၅၀,၀၀၀ လောက်ရှိတယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းပါတယ်။

ဒါကြောင့် သူ့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့လည်း တရားစွဲဆိုထားပြီး အဆိုပါပြစ်မှုမှာ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၆၀,၀၀၀ အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းကို စော်ကားမှုနဲ့လည်း သီးခြားတရားစွဲထားပြီး ဒီအတွက် ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အထိဖြစ်စေ၊ ဒဏ် ၂ ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက အဆိုပါ တရုတ်အမျိုးသားရဲ့ ဗီဇာကို ပယ်ဖျက်လိုက်ပြီး ထိုင်းနိုင်ငံအတွင်းသို့ နောက်နောင် ပြန်လည်ဝင်ရောက်ခွင့် မရှိစေဖို့ အမြဲတမ်း အမည်မည်းစာရင်း (Blacklist) သွင်းလိုက်ပြီဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုတွေ ပြီးဆုံးပါက ပြည်နှင်ဒဏ် ပေးသွားမယ်လို့  တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Source: Bangkok Post 

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013