ချောက်မြို့တွင် အပူချိန် ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်သစ်တင်
DVB
·
May 8, 2020

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှာ ဒီကနေ့ မေလ ၈ ရက်နေ့ အပူချိန် စံချိန်သစ် တင်သွားတယ်လို့ ချောက်မြို့နယ် မိုးလေဝသနှင့် ဇလဗေဒစခန်းက သိရပါတယ်။
ချောက်မြို့မှာ ၂၀၁၉ ခုနှစ် မေလ ၉ ရက်က အပူချိန် ၄၇ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ဒီနေ့တော့ ၄၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်အသစ်တင်ခဲ့တာလို့ ချောက်မြို့နယ် မိုးဇလစခန်းက စခန်းမှူး ဒေါ်အေးသန္တာအောင်က ပြောပါတယ်။
ခုရက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ဒသမ 5° C မှ 1.5°C အထိ ဆက်တိုက်မြင့်တက်ခဲ့ပြီး ဒီနေ့ မေလ ၈ ရက်နေ့ ညနေ ၆ နာရီတိုင်းတာချက်အရ 47.5°C အထိ ရောက်ရှိခဲ့တာဖြစ်လို့ အပူချိန် စံချိန်သစ်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ချောက်မြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က အပူချိန်မြင့်တက်ခဲ့ပြီးနောက်မှာ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေ နားခိုဖို့ အပူရှောင်စခန်းတွေကို ရပ်ကွက် အသီးသီးက အေးမြတဲ့ အဆောက်အအုံတွေနဲ့ အရိပ်ကောင်းတဲ့နေရာများမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
အခုနှစ်မှာတော့ COVID-19 ရောဂါ ကပ်ဘေးကာလဖြစ်နေတာကြောင့် အပူရှောင်စခန်းတွေ ရောဂါကူးစက်ပြန့်ပွားနိုင်တာကြောင့် ဖွင့်လှစ်နိုင်ဖွယ်မရှိဘူးလို့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောပါတယ်။
“ဒီအချိန်မှာ အပူချိန်မြင့်တက်မှုအတွက်ကော COVID-19 အတွက်ကော ကောင်းတာက အပြင်မထွက်ကြရင် ကောင်းတယ်”
ပြီးခဲ့တဲ့နှစ်က အပူချိန်မြင့်တင်ပြီးနောက်မှာ အပူရှပ်လို့ သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။
သတင်း- ကိုလင်း(ချောက်)