
စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့မှာ ရေကြီးနေပြီး လူပေါင်း ၄ သိန်းကျော် ရေဘေးသင့်နေသလို ၁၆ ယောက် သေဆုံး၊ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ဧရာဝတီတိုင်းထဲမှာ စိုက်ပျိုးမြေဧက အနည်းဆုံး ၄၅,၀၀၀ လောက်လည်း ထိခိုက်ပျက်စီးသွားတယ်လို့ ဩဂုတ် ၉ ရက်အထိရတဲ့ စာရင်းတွေကို အခြေခံပြီး ထုတ်ပြန် ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာတော့ ကောလင်းမြို့နယ်ဟာ အဆိုးရွားဆုံး ထိခိုက်ခံစားရပြီး လူ ၃ ယောက် သေဆုံး၊ ၂ ယောက် ပျောက်ဆုံးနေသလို လူပေါင်း ၇၀,၀၀၀ လောက် ရေဘေးဒဏ်ခံနေရပါတယ်။
ဒီပဲယင်းမှာတော့ လူ ၇ ယောက် သေဆုံး၊ လူ ၂၅,၀၀၀ ကျော် ရေဘေးဒဏ်ခံနေရကာ စစ်ကိုင်းတိုင်းမှာ စုစုပေါင်း ၁၁ မြို့နယ် ရေဘေးသင့်နေတာပါ။
မန္တလေးတိုင်းထဲမှာတော့ မတ္တရာမြို့နယ်ဟာ အထိခိုက်ခံရဆုံး ဖြစ်ပြီး ရွာပေါင်း ၁၃၀ နဲ့ ရပ်ကွက် ၃ ခု ရေဘေးသင့်နေပါတယ်။
အဲဒီဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေပြီး အဓိက သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါး၊ စက်သုံးဆီ၊ မိုးကာစနဲ့ ယာယီခိုလှုံရာနေရာတွေ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုတယ်။
လာမဲ့ ဩဂုတ် ၁၃ ရက် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်က မုတ်သုံအားမြောင်းတန်းလည်း မြန်မာနိုင်ငံဘက်ကို ရွေ့လျားမှာဖြစ်လို့ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာကနေ အားအလွန်ကောင်းနိုင်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးတော့ သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်တွေမှာ မြစ်ရေ ဆက်တိုးနေတာကြောင့် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းဒေသ မြို့နယ်တွေ၊ ကျေးရွာတွေအနေနဲ့ မိုးလေဝသအခြေအနေကို အထူးသတိပြုနေထိုင်ကြဖို့၊ လိုအပ်ရင် ကြိုတင်ပြောင်းရွှေ့ကြဖို့လည်း တိုက်တွန်းထားပါတယ်။










