DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်က ယာဉ်လိုင်းလုပ်သားများကို စားနပ်ရိက္ခာထောက်ပံ့
DVB
·
May 7, 2020
ကယားပြည်နယ်က ယာဉ်လိုင်းလုပ်သားများကို စားနပ်ရိက္ခာထောက်ပံ့
Donate to DVB

ကယားပြည်နယ်အတွင်း COVID-19 ကပ်ဘေးကာလမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေက လုပ်သား အယောက် ၆၇၀ ကို အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ပေးနေပါတယ်။ 

ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများစနစ်တကျကြီးကြပ်ရေးအောက်မှာရှိတဲ့ ခရီးသယ်ပို့ ဆောင်ရေး ယာဉ်လိုင်းအားလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ဂိတ်မှူးအပါအဝင် အခြေခံလုပ်သားတွေအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲနဲ့ကြက်သွန်နီ ၅ မျိုးကို ထောက်ပံ့ပေးတာလို့ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများစနစ်တကျကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံအေးက ပြောပါတယ်။ 

“ အားလုံးပေါင်း ပစ္စည်း ၅ မျိုးပေါ့နော်။ ခန်းမှန်း ပစ္စည်းကုန်ကျစရိတ်က ကျပ်သိန်း ၁၀၀ နည်းနည်းကျော်တာပေါ့နော်။ ဒါကို ပေးနိုင်ဖို့ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ ယာဉ်လိုင်းအားလုံး တယောက်မှ မကျန်အောင် ကျနော်တို့ ပေးနိုင်တဲ့အနေအထားမှာ ရှိပါတယ်။ ”

လူတဦးကို ဆန် ၈ ပြည်နဲ့ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်  ၁ ပိဿာစီ ထောက်ပံ့ပေးတာလို့ ဆိုပါတယ်။ 

ကယားပြည်နယ်အတွင်းမှာ သင်္ကြန်မတိုင်ခင်ကတည်းက  ခရီးသည်တင်ယာဉ်လိုင်းတွေနား ထားရပြီး ကိုဗစ်-၁၉ရောဂါကြောင့်လည်း ယာဉ်လိုင်းတွေမထွက်ဖို့ အစိုးရက ညွှန်ကြားထားပါတယ်။

ယာဉ်တွေမထွက်ရတော့တဲ့အတွက် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေရဲ့စားဝတ်နေရေး အခက်အခဲရှိလာတဲ့တွက် အခုလို ကူညီပေးတာလို့  ပုဂ္ဂလိက မော်တော်ယာဉ် လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေး ကော်မတီ ဒု- ဥက္ကဋ္ဌ ဦးသန်းအေးက ပြောပါတယ်။ 

“ ကျနော်တို့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တွေအကုန်လုံးမှာ အခက်အခဲတွေ အများကြီးဖြစ်သွားတာပေါ့နော်။ ပထမပိုင်းမှာတော့ ကျနော်တို့ ဂိတ်တွေက တတ်နိုင်သလောက် ဆန်တို့၊ ထောက်ပံ့ငွေလေးတွေ ဂိတ်တွေကနေပြီးတော့ တာဝန်ခံတွေက ပေးကြတာပေါ့။ အခုနောက်ပိုင်းမှာ စားဝတ်နေရေးက  တလကျော်လာတော့ ကြပ်တည်းလာကြတာပေါ့။ ဒီအပေါ်မှာ ကျနော်တို့ ယကက ကော်မီတီ၊ မထသနဲ့ အကုန်လုံးပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီဟာလေးတွေကို ကျနော်တို့ဝန်ကြီးရဲ့ လမ်းညွန်ချက်နဲ့ အကောင်အထည်ဖော်လိုက်တာပေါ့။”

ကယားပြည်နယ် အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီး ဦးခင်မောင်ဖြူက “အခုလက်ရှိမှာ ယာဉ်လိုင်းတွေ ရပ်နေရတဲ့အတွက် ဂိတ်ဝန်ထမ်းတွေ၊ ယာဉ်မောင်းတို့၊ ယာဉ်နောက်လိုက်တို့ သူတို့နဲ့ဆက်စပ်ပြီး မှီခိုနေရတဲ့ မိသားစုတွေ တစ်လလောက်ကာလမှာ အလုပ်မရှိ ဝင်ငွေမရှိဘူးဆိုတော့ အင်မတန် စားဝတ်နေရေးအခက်အခဲရှိတယ်။ ဒါ့ကြောင့်လည်း ယကက အသင်းက ရန်ပုံငွေနဲ့ ပထမအကြိမ် အနေနဲ့ အခြေခံစားကုန်တွေ အခုလို ထောက်ပံ့ ပေးတာပေါ့နော်။”  လို့ ပြောပါတယ်။

ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး နောက်ထပ်တကြိမ် ထောက်ပံ့ပေးဦးမယ်လို့လည်း ပြောပါတယ်။ 

ကယားပြည်နယ်မှာ ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများစနစ်တကျကြီးကြပ်ရေးအောက်မှာ ရှိတဲ့ ယာဉ်လိုင်းပါင်း ၇၃ လိုင်းရှိပြီး ရပ်သွားတဲ့လိုင်းတချို့ရှိတဲ့အတွက် လက်ရှိမှာ ၅၆ လိုင်းက ယာဉ်လုပ်သားတွေကို စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013