DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဘတ်ဂျက်ကိစ္စဆွေးနွေး 
DVB
·
May 7, 2020
ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဘတ်ဂျက်ကိစ္စဆွေးနွေး 
Donate to DVB

ပြည်ထောင်စုဘတ်ဂျက်ပါ ဌာန ၆၀ ကျော်ရဲ့ စုစုပေါင်းအသုံးစရိတ်ဟာ  ဒေသဆိုင်ရာဌာန ၂၄ ခုရဲ့ စုစုပေါင်းအသုံးစရိတ်ထက် ဘတ်ဂျက်အရ နည်းနေတယ်လို့ ကယားပြည်နယ်လွှတ်တော်  ပြည်သူ့ငွေစာရင်း ‌စောင့်ကြည့်စစ်ဆေးရေးကော်မတီက ပြောပါတယ်။

မေလ ၇ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ  ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်ရဲ့ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ကယားပြည်နယ်ရဲ့ ဘဏ္ဍာငွေအရသုံးစာရင်းနဲ့ပတ်သက်ပြီး  ပြည်သူ့ငွေစာရင်း စောင်ကြည့် စစ်ဆေးရေးအဖွဲ့ဝင် ဖရူဆိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း(ခ)နော်အီးက  ပြောပါတယ်။

“ပြည်ထောင်စုမှ လိုငွေထောက်ပံ့ကြေး ၇၉ ဒသမ ၉ ဘီလီယံကျော်နှင့် ဒေသတွင်း အမှန်တကယ်ရငွေ ၉ ဘီလီယံပေါင်း ၈၈ ဒသမ ၉၃ ဘီလီယံကို  ဒေသဘတ်ဂျက်ဌာန ၂၄ ဖွဲ့ကသာ သုံစွဲနေတာဖြစ်လို့  ဘတ်ဂျက်အရ အလွန်များပြားနေတာကို တွေ့ရပါတယ်။ ပြည်ထောင်စုဘတ်ဂျက်ပါ ဌာန ၆၀ ကျော် စုစုပေါင်းအသုံးစရိတ်မှာ ဒေသဘတ်ဂျတ်ပါ  ဌာန ၂၄ ခုရဲ့ စုစုပေါင်း အသုံးစရိတ်နဲ့ သိပ်မကွာတာကြောင့်  ပြည်ထောင်စု ဘတ်ဂျက်ပါ ဌာနများမှာ ဘတ်ဂျက် အရနည်းလျက်ရှိပြီး ဒေသဘတ်ဂျက်ဌာနတွေက အရများနေတာကို  သုံးသပ်တွေ့ရှိရပါတယ်။ ”

ဒေသတွင်းမှာ ဌာနပေါင်း ၈၆ ခုရှိပြီး ဒေသဘတ်ဂျတ်မှာ ဌာနအဖွဲ့အစည်း ၂၄ ဖွဲ့ပါဝင်သလို အဲဒီထဲက အစိုးရအဖွဲ့၊ မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ အားကားနှင့်ကာယပညာ ဦးစီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊  ကျေးလက်လမ်းဦးစီးဌာနနဲ့ စည်ပင်သာယာရေးအဖွဲ့တွေမှာ အသုံးစရိတ်များနေတာကို တွေ့ရှိရကြောင်းလည်း  ပြည်သူ့ငွေစာရင်းက ထောက်ပြထားပါတယ်။

ဒါ့အပြင် ရငွေအပိုင်းမှာလည်း ငွေလုံးငွေရင်းရငွေနဲ့ အခွန်ရငွေတွေ ကောက်ခံရရှိမှုမှာ လွန်စွာနည်းပါးနေသလို  လျာထားချက်မှာလည်း အမှန်စာရင်းတွေထက် လျော့နည်းနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခွန်ကောက်ခံနေတဲ့ဌာနတွေရဲ့ အခွန်လျာထားချက်တွေဟာ လွန်စွာလျော့နည်းနေပြီး စာရင်းစစ်ချုပ်အစီရင်ခံစာပါ အမှန်ရငွေနဲ့ အဆမတန်ကွာခြားနေတယ်လို့လည်း လွှတ်တော်အမတ် ဦးခင်မောင်ထွန်း(ခ)နော်အီးက က စည်ပင်သာယာရေးဌာနကို ထောက်ပြပြောဆိုထားပါတယ်။

“ကျနော်တို့ ကယားစည်ပင်က အရင်ကဆိုရင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့အဖွဲ့အစည်းတခုပါ။ နောက်ပိုင်းအစိုးရ ထောက်ပံ့လာတဲ့အချိန်ကျတော့ သူတို့က လျာထားချက်ကို တအားလျော့ လျာထားတယ်။ တကယ့်အမှန်တကယ်ကောက်ရတာထက် အဆ ၁၀ ဆကျော်ကိုကွာတယ်။ သူတို့ဖြစ်စေချင်တာကတော့ အခွန်လျာထားချက်ကို  မှန်မှန်ကန်ကန်တင်သွင်းဖို့၊ ခန်းမှန်ခြေငွေနဲ့ အမှန်တကယ်ရငွေ အနည်းဆုံးနီးစပ်ရမှာ။ မနီးစပ်ဘဲနဲ့ အဆ ၁၀ ကျော်ကွာတယ်ဆိုတော့ ဒါလုံးဝ မမှန်ဘူးလို့ ကျနော်ထင်တာပါ။ စာရင်းစစ်ချုပ်ရဲ့ အမှန်တကယ်တွေ့ ရှိချက်က အများကြီးကွာတာ။ ဆိုတော့ ဒါမဖြစ်သင့်ဘူးပေါ့။ 

၂၀၂၀-၂၀၂၁ခု လျာထားချက်မှ ခန့်မှန်းငွေစာရင်းမှာ  ရငွေ ၈၈ ဒသမ ၉၃ ဘီလီယံဖြစ်ပြီး သုံးငွေ စုစုပေါင်းမှာလည်း ၈၈ ဒသမ ၉၃ ဘီလီယံ ဖြစ်ပါတယ်။ 

အမှန်တကယ်ရငွေမှာ ၈ ဘီလီယံကျော်သာရှိပြီး ပြည်ထောင်စုကနေ ထောက်ပံ့ငွေ ၇၉ ဒသမ ၉ ဘီလီယံကျော် ထောက်ပံ့ပေးထားတာတွေ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ကယားပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကယားပြည်နယ်ရဲ့ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ အစီအစဉ်မှာ ပါဝင်တဲ့ ဌာန၊ အဖွဲ့အစည်းတွေရဲ့  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုချက်ရယူနိုင်ရေးအတွက် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးမော်မော်မှာ  ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

ဒီနောက် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီရဲ့ စိစစ်ချက်အစီရင်ခံစာကို တင်ပြခဲ့ပြီး ဒီအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးနိုင်ဖို့ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့ပါတယ်။

မနက်ဖြန်မှာတော့ ဘတ်ဂျက် ငွေစာရင်းလျာထားချက်နဲ့ပတ်သက်ပြီး   အတည်ပြုမပြု ဆက်လက်ဆွေးနွေးဖို့ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013