DVB Logo
Home
မြန်မာသတင်း
ချေးငွေလိုင်စင်မရှိဘဲ တောင်သူများထံမှတရားမဝင်ငွေကြေးတောင်းသည့် ကုမ္ပဏီ ၂ ခုကို တရားစွဲ
DVB
·
May 7, 2020
ချေးငွေလိုင်စင်မရှိဘဲ တောင်သူများထံမှတရားမဝင်ငွေကြေးတောင်းသည့် ကုမ္ပဏီ ၂ ခုကို တရားစွဲ
Donate to DVB

ချေးငွေလိုင်စင်မရှိဘဲ တောင်သူတွေဆီက တရားမဝင်ငွေကြေးတောင်းတဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူ ၉ ဦးကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ)က တရားစွဲထားတယ်လို့  စစ်ကိုင်းတိုင်းဒေသကြီး စီမံ/ဘဏ္ဍာဝန်ကြီးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေဘို၊ ကသာ၊ စစ်ကိုင်း၊ မုံရွာ စတဲ့ခရိုင်တွေမှာ တောင်သူတွေကို လယ် ၁ ဧက ၇ သိန်းထုတ်ချေးပေးမယ်ဆိုပြီး ကနဦးငွေကျပ် အနည်းဆုံး ၁၀၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ထိ ကောက်ခံနေတဲ့ ကုမ္ပဏီ၂ ခုကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ကနေ အရာတော်၊ ဝန်းသို စတဲ့မြို့တွေမှာ အမှုဖွင့်တရားစွဲထားတယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက လွှတ်တော်မှာ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

"စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ စစ်ဆေးချက်အရ သက်ဆိုင်ရာ ငွေရေးကြေးရေးစည်းကမ်းများအရ အစိုးရဌာနဆိုင်ရာတွေရဲ့ ခွင့်ပြုချက်လိုင်စင်ရယူခြင်းမရှိသလို အသိပေးတင်ပြတာမရှိဘဲ ငွေရေးကြေးရေး အဖွဲ့အစည်းအသွင်နဲ့ ငွေထုတ်ချေးမယ့်အကြောင်းပြပြီး တောင်သူတွေထံက ငွေကြိုတင်ကောက်ခံရယူခဲ့တယ်။ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ဆန့်ကျင်ဖောက်ဖျက်တာတွေတွေ့ရတဲ့အတွက် အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဖျက်သိမ်းနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်။ လက်ရှိမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားစွဲအဖွဲ့အစည်းအဖြစ် အရာတော်၊ ဝန်းသိုမြို့တွေမှာ အမှုဖွင့် တရားစွဲဆိုနေပါတယ်။။"

စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တိုင်းမှာ ချေးငွေလိုင်စင်မရှိဘဲ ငွေချေးလုပ်ငန်း လုပ်နေတဲ့ ကုမ္ပဏီ၊ အစုအဖွဲ့တွေကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသားအရေးယူပေးဖို့အဆိုကို ဝက်လက်မြို့နယ်ကိုယ်စားလှယ် ဦးစိုးဝင်းထွန်းက ၂၂ ကြိမ်မြောက် စစ်ကိုင်းတိုင်းလွှတ်တော်မှာ တင်သွင်းခဲ့တာပါ။

အဆိုကို အခုကျင်းပနေဆဲ တိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ ကိုယ်စားလှယ် ၈ ဦးက ဆွေးနွေးဖို့ စာရင်းပေးခဲ့ပေမယ့် အချိန်အခက်အခဲကြောင့် ၃ ဦးကိုသာ ဆွေးနွေးခွင့်ပြုခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ရဲ့ စစ်ဆေးချက်တွေအရ မြန်မာမင်္ဂလာ သစ်ကုမ္ပဏီလီမိတက်က အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်စုစုခင်၊ ဦးမြင့်သိန်း (ခ) ကုလား၊ ဦးဇော်မိုးနိုင်၊ အောင်မြင်ချမ်းသာပြည်မြန်မာ ကုမ္ပဏီလီမိတက်က ဒါရိုက်တာအဖွဲ့ဝင် ဦးပျိုတရာဝိုင်း၊ ဦးချစ်စန်းမောင် တို့ ၅ ဦးက အရာတော်၊ ကသာ၊ ဝက်လက်၊ ရွှေဘိုမြို့နယ်တို့မှာ ချေးငွေအကြောင်းပြပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လကနေ ဒီဇင်ဘာလအတွင်း တောင်သူ ၁ ဦးကို ငွေကျပ် ၁၀၀၀ ကနေ ၃၅၀၀ ကျပ်နဲ့ လယ်သမားပေါင်း ၁၁၀၀ ဦး၊ လယ်ယာမြေ ၅၁၀၀ ဧကကျော်အတွက် ငွေကျပ် ၂၁၅ သိန်းကို တရားမဝင်ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် အရာတော်မြို့မရဲစခန်းမှာ (ပ)၉၄/၂၀၂၀၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၇/ ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ မတ်လအတွင်း အမှုဖွင့်တရားစွဲဆိုထားပါတယ်။

ဒါ့အပြင် မြန်မာမင်္ဂလာသစ်ကုမ္ပဏီမှ ဝန်းသိုမြို့နယ်မှာ ဦးကျော်မောင်၊ ဦးဝင်းမြင့်တို့က ကုမ္ပဏီတာဝန်ရှိသူတွေဖြစ်တဲ့ ဒေါ်စုစုခင်၊ ဦးဇော်မိုးနိုင်တို့နဲ့ ဆက်သွယ်ကာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလကနေ မတ်လပထမပတ်ထိ ဒေသခံတောင်သူ ၄၁၂ ဦးရဲ့ လယ်ယာမြေ ၁၉၉၄ ဧကအတွက် ကျပ် ၄၁ သိန်းကျော်ကို တရားမဝင် စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒီအတွက် အဆိုပါ လူ ၄ ဦးကို မတ်လအတွင်းက ဝန်းသိုမြို့မရဲစခန်းမှာ (ပ)၄၁/၂၀၂၀၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းဥပဒေပုဒ်မ ၅၇/ ရာဇသတ်ကြီးပုဒ်မ ၁၀၉ နဲ့ အမှုဖွင့်တရားစွဲဆိုထားပါတယ်။

ထပ်မံစစ်ဆေးပေါ်ပေါက်ချက်တွေအရ အဆိုပါကုမ္ပဏီ ၂ ခုကနေ ၂၀၁၉ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း တရားမဝင်ငွေကြေးကောက်ခံမှုအနေနဲ့ တောင်သူ ၉၈၂ ဦး၊ လယ်ဧက ၄၈၃၆ အတွက် ငွေကျပ် ၈၁ သိန်းကျော်ကို ကောက်ယူခဲ့ကြောင်း တွေ့ရှိထားပြီး ဥပဒေနဲ့အညီ ဆက်လက်အရေးယူဖို့ စီစဉ်နေတယ်လို့  အဆိုရှင် ဦးစိုးဝင်းထွန်းက ပြောပါတယ်။

"ချေးငွေလိုင်စင်မရှိဘဲ လုပ်နေတာက ဥပဒေကို ချိုးဖောက်တာပဲဖြစ်တယ်။ တရားဥပဒေစိုးမိုးမှုကို စိန်းခေါ်လိုက်တာပဲ။ ဒါကြောင့် အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ လိုပြီ။ ချေးငွေချေးမယ့် ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အဖွဲ့အစည်း၊ သုံးစွဲမယ့် ငွေကြေးတွေကအစ စုံစမ်းဖော်ထုတ်စစ်ဆေးဖို့ လိုတယ်။ တိုင်းပြည်က ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးအကောင်အထည်ဖော်နေဆဲကာလဖြစ်တယ်။ ဒီလိုအချိန်မှာ တရားမဝင်ချေးငွေနဲ့ အမြတ်ကြီးစား ချေးငွေလုပ်ငန်းတွေက ပြည်သူတွေကို ဆင်းရဲတွင်းထဲ နက်သထက် နက်အောင် ဆွဲချနေသလို နိုင်ငံရေးအရလည်း ဒီမိုကရေစီစနစ်ကို သွယ်ဝိုက်ပျက်ပြားစေနိုင်တယ်။"

အသေးစားငွေရေးကြေးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ်က ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနဖွဲ့စည်းကာ ဒီနေ့ထိ ဆောင်ရွက်နေပါတယ်။ 

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ အသေးစား ငွေရေးကြေးရေးဥပဒေအရ မွေးမြူရေး၊ ကုန်သွယ်ရေး၊ ထုတ်လုပ်မှု၊ ဝန်ဆောင်မှု စတဲ့ ကဏ္ဍတွေအပေါ်မှာ ထုတ်ချေးပေးတာဖြစ်ပြီး လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း မရှိရဆိုတဲ့ တားမြစ်ချက်တွေလည်း ဥပဒေမှာ ထည့်သွင်းထားပါတယ်။

ဖောက်ဖျက်ကျူးလွန်သူကို ငွေဒဏ် သို့မဟုတ် ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံးချမှတ်ရမယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013