COVID-19 ရောဂါအတည်ပြု လူနာသစ်ထပ်မတွေ့
DVB
·
May 6, 2020
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်တွေထပ်မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၆ ရက်မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။
မနေ့ညပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၁၈၆ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၀၆ ခုနဲ့ နေပြည်တော်၊ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ စစ်ဆေးပြီးစီးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၃၆၃ ခု၊ စုစုပေါင်း ၆၅၅ ခုမှာ COVID-19 ရောဂါ လူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။
မေလ ၆ ရက် မနက်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၁၆၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပိုးမတွေ့ရှိသူ ၄၉ ဦးရှိတယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။