DVB Logo
Home
မြန်မာသတင်း
ဝူဟန်နှင့် ပေကျင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ရန်စီစဉ် 
DVB
·
May 5, 2020
ဝူဟန်နှင့် ပေကျင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို နေရပ်ပြန်ပို့ရန်စီစဉ် 
Donate to DVB

တရုတ်နိုင်ငံ ဝူဟန်နဲ့ ပေကျင်းမြို့တို့မှာ တရားမဝင်အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို မြန်မာနိုင်ငံဆီ ပြန်ပို့ပေးဖို့ စီစဉ်နေတယ်လို့ ပေကျင်းမြို့အခြေစိုက် မြန်မာသံရုံးက  ထုတ်ပြန်ပါတယ်။

ဘယ်နေ့ပို့မယ်ဆိုတာကိုတော့ လတ်တလောမှာ မပြောနိုင်သေးဘဲ မြန်မာနိုင်ငံကို ပြန်ချင်တယ်လို့ ဆက်သွယ်အကူအညီတောင်းလာတဲ့ ပေကျင်းမြို့ရောက် တရားမဝင်မြန်မာလုပ်သား ၃၉ ယောက်၊ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ပိတ်မိနေတဲ့ တရားမဝင် မြန်မာလုပ်သား ၂၂၂ ယောက်ကို ပို့ပေးဖို့ ကျန်နေတယ်လို့ သံရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

COVID-19 ကြောင့် တရုတ်နိုင်ငံထဲမှာ အလုပ်တွေ ပိတ်တာ၊ အသွားအလာတွေ ပြတ်တောက်တာတွေကြောင့် အလုပ်သမားတွေ အခက်ကြုံခဲ့ရပြီး မြန်မာနိုင်ငံကို ပြန်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီကပဲ သံရုံးကို ဆက်သွယ် အကူအညီတောင်းခဲ့ကြတာပါ။

ဒါကြောင့် မြန်မာသံရုံးအနေနဲ့ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး ဘတ်စ်ကား၊ ပြည်တွင်းလေယာဉ်တွေနဲ့ မြန်မာနိုင်ငံ မူဆယ်နဲ့ ချင်းရွှေဟော်ဂိတ်တို့ကို ပြန်ပို့ပေးခဲ့ရာမှာ မေ ၄ ရက်အထိ ရှန်းတုန်း၊ ကျန်းစူး၊ ကျက်ကျန်း၊ အန်းဟွေးစတဲ့ပြည်နယ်တွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသား အယောက် ၁၅၈၀ ကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရောက် မြန်မာလုပ်သားတွေဟာ တရားမဝင်ရောက်နေကြတာဖြစ်လို့ အလုပ်သမားဆိုင်ရာ ရပိုင်ခွင့်တွေ၊ သက်သာချောင်ချိခွင့်တွေရဖို့ မြန်မာသံရုံးအနေနဲ့ တရားဝင်တောင်းဆိုဆောင်ရွက်ပေးဖို့ အခက်အခဲရှိတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံတွင်းမှာ ရောဂါကူးစက်ဖြစ်တာကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ကူးစက်နှုန်း မရှိသလောက် လျော့ကျနေသလို သေဆုံးသူလုံးဝ မရှိတဲ့ရက်တွေလည်း နေ့စဉ်နီးပါးရှိလာတယ်လို့ ဆိုပါတယ်။

ဒါကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေလည်း ပွင့်လာပြီး တချို့မြန်မာလုပ်သားတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်တာတွေလည်း ရှိပါတယ်။

တရုတ်နိုင်ငံကနေ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သံရုံးကိုဆက်သွယ်နိုင်ကြပြီး လိုအပ်ရင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးမှာဖြစ်သလို အစားအသောက်တွေ အခက်အခဲရှိရင်လည်း သံရုံးကို ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နေရပ်ပြန်လိုတဲ့ မြန်မာတွေအနေနဲ့ မိမိတို့နေထိုင်တဲ့ ပြည်နယ်၊ ပြည်နယ်ခွဲ၊ စီရင်စု၊ မြို့နယ်နဲ့ ကျေးရွာအုပ်စုတို့ပါတဲ့ နေရပ်လိပ်စာအပြည့်အစုံနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ Wechat နံပါတ်တို့ကို အတိအကျဖော်ပြပြီး သံရုံးကို ပို့ပေးရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ရမယ့်ဖုန်းကတော့

ပေကျင်းမြို့၊ မြန်မာသံရုံး – +၈၆ ၀၁၀ ၆၅၃ ၂၄ ၅၅၄ 

ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၈၇၁ ၆၈၁ ၆၂၈ ၁၄၊ +၈၆ ၁၇၆ ၈၇၀ ၀၁၈ ၇၄ 

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး – +၈၆ ၇၇၁၅ ၆၇၂ ၈၄၅၊ +၈၆ ၁၈၅၇၇၁ ၄၅၉ ၃၉  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013