DVB Logo
Home
Lead Story
တစ်လအတွင်း Covid 19 ပိုးတွေ့ လူနာများကို ခွဲခြမ်းစိပ်ဖြာခြင်း
DVB
·
April 23, 2020
တစ်လအတွင်း Covid 19 ပိုးတွေ့ လူနာများကို ခွဲခြမ်းစိပ်ဖြာခြင်း
Donate to DVB

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက်မြန် အဆုတ်ရောင်ရောဂါပိုး (Covid 19) ရှိသူကို မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ရှိခဲ့သည်။ တစ်လအတွင်း မြန်မာနိုင်ငံတွင် Covid 19 ပိုးတွေ့လူနာ ၁၂၇ ဦး ရှိပြီ ဖြစ်သည်။ ၄င်းတို့အနက် သေဆုံးသူ ၅ ဦးနှင့် ရောဂါကင်းစင်ပြီးနောက် ဆေးရုံဆင်းခွင့်ရသူ ၉ ဦးရှိပြီဖြစ်သည်။



ရောဂါပိုးတွေ့ပြီးနောက် ဓာတ်ခွဲစစ်ဆေးမှုပေါင်း တစ်ရာပင်မပြည့်ခဲ့သော်လည်း ဧပြီလ ၁၁ ရက်နေ့မှစပြီး ဓာတ်ခွဲစစ်ဆေးမှုအရေအတွက်မှာ ၂၀၀ အထက်တွင် ရှိခဲ့သည်။ တစ်လအတွင်း ဧပြီ ၁၃ ရက်နေ့သည့် Covid 19 အတည်ပြုလူနာ အများဆုံး တွေ့သည့်နေ့ဖြစ်ပြီး ၂၁ ဦးတွေ့ရှိခဲ့ကာ၊ ဧပြီလ ၂၀ ရက်နေ့သည် ဓာတ်ခွဲစစ်ဆေးမှု အများဆုံး နေ့ဖြစ်သည်။ ထိုနေ့တွင် ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၄၂၇ ထိ ပြုလုပ်ခဲ့သည်။



လက်ရှိ ရောဂါဖြစ်ပွားသူများ၏ ၅၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသားများဖြစ်ကြပြီး ၈၀ ရာခိုင်နှုန်းကျော်မှာ ခရီးသွားရာဇဝင်မရှိဘဲ နိုင်ငံတွင်း ကူးစက်ခံရသူများ ဖြစ်ကြသည်။ ထို့ပြင် ရောဂါပိုးတွေ့ရှိသူ ၁၂၇ ဦးအနက် ၇၂ ဦးမှာ အသွားလာ ကန့်သတ်ခံထားရသူများ ဖြစ်ကြပြီး ၅၅ ဦးမှာ စောင့်ကြည့်လူနာများ ဖြစ်ကြသည်။



လက်ရှိ ရောဂါကူးစက်ခံရသူ အများစုမှာ လူငယ်အများဖြစ်ကြပြီး အသက် ၃၀ မှ ၃၉ နှစ်အရွယ် အုပ်စုတွင် အများဆုံးဖြစ်ကြသည်။ ရောဂါကူးစက်ခံရသူများအနက် အသက်အငယ်ဆုံးမှာ အသက် ၁ နှစ် ၆ လဖြစ်ပြီး အသက်အကြီးဆုံးမှာ ၈၅ နှစ်ဖြစ်သည်။



နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်း ၉ ခုမှ မြို့နယ်ပေါင်း ၃၇ မြို့နယ်မှ ရောဂါပိုး တွေ့ရှိထားပြီး ဖြစ်သည်။ ရန်ကုန်တိုင်းမှ၂၄ မြို့နယ်၊ ရှမ်းပြည်နယ်မှ ၄ မြို့နယ်၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းမှ ၂ မြို့နယ်စီ၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်စသည်တို့မှ ၁ မြို့နယ်စီ ဖြစ်သည်။



သေဆုံးသူ ၅ ဦးစလုံးမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၄ ဦးမှာ အမျိုးသားဖြစ်သည်။ သေဆုံးသူများ၏အသက်မှာ ၄၇ နှစ်၊ ၆၃ နှစ်နှင့် ၆၉ နှစ်တို့တွင် တစ်ဦးစီဖြစ်ပြီး ကျန် ၂ ဦးမှာ အသက် ၇၀ အထက်များဖြစ်ကြသည်။



တစ်လအတွင်း လူနာ ၁၂၇ ဦးမှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း ၉ ဦး ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းပြီး ဖြစ်သည်။ ရန်ကုန်တိုင်းမှ ၇ ဦးဖြစ်ပြီး မန္တလေးနှင့် နေပြည်တော်တို့မှ ၁ ဦးစီဖြစ်သည်။

ဆေးရုံဆင်းရသည့် လူများအနက် ဆေးရုံတက်ရက် အနည်းဆုံးလူနာမှာ နေပြည်တော်မှ လူနာအမှတ် (၇) ဖြစ်ပြီး ပိုးတွေ့ပြီးနောက် ၁၂ ရက်ကြာတွင် ဆေးရုံဆင်းနိုင်ခဲ့သည်။ အကြာဆုံးမှာ ရန်ကုန်မှ လူနာအမှတ် (၃) ဖြစ်ပြီး ၂၇ ရက်ကြာမှ ဆေးရုံဆင်းနိုင်ခဲ့သည်။ ပထမဦးဆုံး အတည်ပြုလူနာများ ဖြစ်သော လူနာ အမှတ် (၁) နှင့် (၂)မှာ ဆေးရုံတွင်ပင် ကုသဆဲဖြစ်သည်။



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၂၃ ရက်နေ့ နံနက် ၇ နာရီထိ စာရင်းအရ ဓာတ်ခွဲစစ်ဆေးပြီး သူပေါင်း ၅,၃၇၅ ရှိပြီး စောင့်ကြည့်လူနာပေါင်း ၂,၃၃၃ ဦး ရှိသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013