
မြန်မာနိုင်ငံအတွင်း ကီလိုမီတာ ၁,၃၂၀ ကျော် ဖြတ်သန်းသွားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကို ၂၀၀၂ ခုနှစ်မှာ ထိုင်းနိုင်ငံဘက်က စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
လူဦးရေ သန်း ၁,၄၀၀ ကျော်ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ချိတ်ဆက်ပေးမဲ့ မဟာဗျူဟာမြောက် စီမံကိန်းတခုဖြစ်ပြီး အထူးသဖြင့် အိန္ဒိယရဲ့ အရှေ့နဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒ (Act East Policy) အတွက် အဓိကကျတဲ့ လမ်းကြောင်းလည်း ဖြစ်ပါတယ်။
ဒီလမ်းကြောင်းကနေ ၃ နိုင်ငံအပြင် လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ အရှေ့-အနောက် စီးပွားရေးစင်္ကြံနဲ့လည်း ထပ်မံချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာဘက်က လမ်းပိုင်းတွေကိုတော့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာအကူအညီတွေနဲ့ ဖောက်လုပ်နေတာ ဖြစ်ပါတယ်။
ကလေးဝ-ယာကြီးလမ်းပိုင်းကို အိန္ဒိယက အမေရိကန်ဒေါ်လာ ၂၀၅ သန်း အကုန်အကျခံ ဖောက်လုပ်ပေးနေပြီး တမူး-ကျီကုန်း-ကလေးဝ လမ်းပိုင်းထဲက တံတား ၆၉ စင်းကိုလည်း အိန္ဒိယဘက်က အဆင်မြှင့်တင်မှုတွေ လုပ်ဆောင်နေပါတယ်။
ထိုင်းဘက်ကို ဆက်သွယ်ပေးမဲ့ ကော့ကရိတ်-မြဝတီ အဝေးပြေးလမ်းပိုင်းကိုတော့ ထိုင်းအစိုးရက ၂၀၁၅ ခုနှစ်မှာ ဖောက်လုပ်ပေးခဲ့ပါတယ်။
အိန္ဒိယနဲ့ ထိုင်းဘက်က လမ်းပိုင်းတွေက အရင်ကတည်းက ပြီးစီးနေပြီဖြစ်ပြီး မြန်မာဘက်ကသာ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေတာ ဖြစ်ပါတယ်။ စီမံကိန်းအပြီးသတ်နိုင်မဲ့ လျာထားရက်စွဲကိုလည်း ကနဦးမှာ ၂၀၁၅ ခုနှစ်လို့ သတ်မှတ်ရာကနေ ၂၀၁၉၊ အဲဒီကတဆင့် ၂၀၂၇ ခုနှစ်ကို ပြောင်းလဲသတ်မှတ်ခဲ့ကြပါတယ်။
လက်ရှိ မြန်မာဘက်က လမ်းပိုင်းတွေမှာ တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိနေပြီး စစ်တပ်ကလည်း ပြန်ထိန်းချုပ်နိုင်အောင် ကြိုးပမ်းလာတာကို တွေ့ရပါတယ်။
မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကြေညာအပြီး ကျင်းပတဲ့ စီမံကိန်း ညှိနှိုင်းအစည်းအဝေးမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့သက်တမ်းအတွင်း လမ်းဖောက်လုပ်ရေးလုပ်ငန်းတွေ ပြီးစီးအောင် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့ပါတယ်။










