DVB Logo
Home
မြန်မာသတင်း
ချောက်မြို့နယ်၌ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် ၂၀ ကျော်ကျဆုံး 
DVB
·
July 11, 2026
Photo: မှိုင်းဝေနှင့် တပ်ထောက်ခံသူများ
Photo: မှိုင်းဝေနှင့် တပ်ထောက်ခံသူများ
Donate to DVB

မကွေးတိုင်း ချောက်မြို့နယ်ထဲမှာ ဇူလိုင် ၁၀ ရက် မနက် ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ အတွင်း တော်လှန်ရေးရဲဘော် ၂၀ ကျော်ကျဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံ လိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ချောက်တောင်ပိုင်းကရွာတွေဘက်ကို စစ်ကြောင်း ထိုးပြီး တော့ မီးပတ်ရှို့နေတဲ့​စစ်ကြောင်းကို ချောက်နဲ့ ရေနံချောင်းကြားက တောင်သာနဲ့ စမ်းစု ကျေးရွာနား မှာ ဖြတ်တိုက်မဲ့ပွဲမှာ ပြန်အတိုက်ခံရလို့ ကျနော်တို့ဘက်ကရဲဘော်တွေ အကျအဆုံးများ ခဲ့တာပါ။ နောက်ဆုံးရရှိထားတဲ့ သတင်းအရတော့ ကျဆုံးရဲဘော် ၂၀ ကျော်ပါတယ်”လို့ ပြောပါတယ်။

လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့လည်း သူကဆက်ပြောပါတယ်။ တိုက်ပွဲ အတွင်းကျဆုံးခဲ့ကြတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ မကွေးခရိုင်တပ်ရင်း ၂ ခုနဲ့ မဟာမိတ် တပ်ဖွဲ့ တွေက ရဲဘော်တွေလို့ သိရပေမဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ တရားဝင် သတင်းထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

ချောက်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက “အခုဖြစ်စဥ်ဖြစ်တဲ့ ရွာတွေ ဘက်ကို ဒုရဲမှူးကြီး ကျော်သူ ဦးဆောင်ပြီးတော့ အင်အား ၁၀၀ ကျော်ပါတဲ့ ရဲကွန်မန်ဒိုစစ်ကြောင်း ထွက်လာမယ်ဆိုတာ ကြိုတင်သတင်းရတာလို့ သွားစောင့်ကြရင်းနဲ့ သတင်းပေါက်ကြားလို့ ပြန်အဝိုင်းခံရပြီး တိုက်ခိုက်ခံခဲ့ရတာပါ။ ရန်သူ့ဘက်ကရှေ့နောက်ညှပ်ပြီး အဆမတန် သာလွန် အင်အားကြောင့် တိုက်ပွဲထဲမှာကျဆုံးတာရှိသလို လေကြောင်းပစ်ကူကြောင့်လည်း ကျဆုံးခဲ့ရတာ တွေ ရှိတယ်။ တချို့ရဲဘော်တွေကတော့ အရှင်အဖမ်းခံရပြီးမှ သတ်ဖြတ်ခံလိုက် ရတာပါ။ ကျဆုံး သွားတဲ့အထဲမှာ တပ်ရင်းမှူးတွေနဲ့ တပ်ရင်းမှူးကောင်းတွေ ဖြစ်လာမဲ့ရဲဘော်တွေ ပါဝင်ပါတယ်။ တိုက်ပွဲထဲကနေ ကြိုးစားပြီးပြန်ထွက်လာနိုင်တဲ့ ရဲဘော်တွေလည်းရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဝန်းကျင်ကိုလည်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။

စစ်တပ်ထောက်ခံသူတွေကတော့ နယ်မြေရှင်းလင်းရေးစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြ တဲ့ PDF တွေကို ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့လို့ PDF ရုပ်အလောင်း ၂၀၊ စနိုက်ပါသေနတ် တလက် နဲ့ ရိုင်ဖယ်သေနတ် ၁၉ လက်တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ ​တယ်လီဂရမ်ချယ်နယ်တွေမှာရေးပါတယ်။

ချောက်မြို့နယ်၊ ကြားကာလဒေသန္တရပြည်သူ့အုပ်​ချုပ်ရေးဖေါ်ဆောင်မှုကော်မတီ၊ မြို့နယ်အရေးပေါ် အုပ်ချုပ်ရေးအဖွဲ့က ချောက်မြို့နယ်အတွင်းမှာရှိကြတဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ ဇွန် ၂၂ ရက် နောက်ဆုံးထား အလင်းဝင်ရောက်ကြဖို့ ဇွန် ၈ ရက်မှာထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့စစ်ကြောင်းတွေဟာ ဇူလိုင် ၂၀ ရက်ကစလို့ ချောက်မြို့နယ်ထဲကကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းခွဲပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာတွေ က လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013