DVB Logo
Home
မြန်မာသတင်း
မြို့သစ်မြို့နယ်က လူနာအမှတ် ၅၃ ကို ဆေးရုံဆင်းခွင့်ပြု
DVB
·
May 3, 2020
မြို့သစ်မြို့နယ်က လူနာအမှတ် ၅၃ ကို ဆေးရုံဆင်းခွင့်ပြု
Donate to DVB

မကွေးတိုင်း၊ မြို့သစ်မြို့နယ်ထဲက လူနာအမှတ် ၅၃ ကို ဓာတ်ခွဲနမူနာ ၂ ကြိမ် ပြန်လည်ပေးပို့စစ်ဆေးရာ COVID-19 ရောဂါပိုး မတွေ့ရတော့လို့ မေ ၃ ရက်နေ့ မနက်ပိုင်းက ဆေးရုံဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

မကွေးတိုင်း ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးဒေါက်တာမြတ်စိုးက “ဒီကနေ့ဟာဆိုရင် မကွေးတိုင်းအတွင်းက COVID-19 ရောဂါ လူနာအမှတ် ၅၃ ဆေးရုံဆင်းခွင့်ရတဲအတွက် တိုင်းဒေသကြီးအတွက် မင်္ဂလာရှိတဲ့နေ့တနေ့ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ရဲ့ ပံ့ပိုးလမ်းညွှန်ချက်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဝိုင်းဝန်း ကုသပေးခဲ့တာပါ။ လူနာကို အနီးကပ်ထိတွေ့ကုသတဲ့ နေရာတွေမှာလည်း ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မခံရအောင် ဝတ်စုံအပြည့်နဲ့ ကုသစောင့်ရှောက်ပေးခဲ့တာပါ။ မကွေးတိုင်းဆေးရုံကြီး အနေနဲ PPE ဝတ်စုံ အထိုက်အလျောက် ရှိပေမယ့် N-95 Mask လိုအပ်ချက်တွေ ရှိနေပါတယ်။ လူနာအမှတ် ၅၃ ကို ဧပြီ ၁၄ ရက်နေ့က စတင်ပြီး ၁၉ ရက်ကြာ လိုအပ်ချက်မရှိအောင် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ တက်ညီလက်ညီ ကြိုးစားပြီး ရရှိလာတဲ့ အောင်မြင်မှုတခု ဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

ဆေးရုံ မဆင်းခင်မှာလည်း ဆေးဘက်ဆိုင်ရာ ဆက်ဆံရေးအရာရှိက လိုက်နာရမယ့် အချက်အလက်တွေကို ပြောကြားပေးထားပါတယ်။ ဆေးရုံဆင်းခွင့်ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း Facility Quarantine မှာ ၇ ရက် နေအိမ်မှာ ၇ ရက် ထားရှိပြီး နှစ်ပတ်ပြည့်ရင် ဆေးရုံမှာ ပြန်လည်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

လူနာအမှတ် ၅၃ ကိုသန်းထွန်းက “မကွေးပြည်သူ့ဆေးရုံကြီးကို ရောက်တဲ့နေ့ကစပြီး ဆရာ ဆရာမတွေ ပြည့်စုံအောင် စောင့်ရှောက်ပေးကြပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာ ဆောင်ရွက်ခဲ့တဲ့အတွက် ကျန်းမာရေး ကောင်းမွန်ပါတယ်။ COVID-19 ရောဂါပိုး မတွေ့ရတော့ဘူးလို့ သိရတဲ့အတွက် အရမ်းဝမ်းသာပြီး အိမ်ကို ပြန်ချင်ပါတယ်။ ဆရာဝန်၊ ဆရာမတွေ လမ်းညွှန်ချက်အတိုင်း ဆက်လက်လိုက်နာသွားမှာပါ။ COVID-19 ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ကျေးဇူးအထူးတင်ပါတယ်” လို့ ပြောပါတယ်။

မကွေးဆေးရုံကြီးမှာ လက်ရှိအချိန်ထိ COVID-19 စောင့်ကြည့်သံသယလူနာ ၄ ဦး တက်ရောက်ကုသနေပြီး လူနာတွေရဲ့ လည်ချောင်းတို့ဖတ်၊ နှာခေါင်းတို့ဖတ်တွေ ရယူပြီး မေ ၃ ရက်နေ့ညမှာ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမယ်လို့ ဆေးရုံအုပ်ကြီးက ​ပြောပါတယ်။

လူနာအမှတ် ၅၃ ဟာ ထိုင်းနိုင်ငံက ပြန်လာတာဖြစ်ပြီး မြို့သစ်မြို့မှာ Facility Quarantine ဝင်နေစဥ် ဧပြီ ၁၃ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်အရ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကာ ဧပြီ ၂၆ ရက်၊ မေ ၁ ရက်နေ့တွေက ပြန်လည်စစ်ဆေးရာမှာ ရောဂါပိုး မတွေ့ရတော့လို့ ဆေးရုံ ဆင်းခွင့်ပြုလိုက်တာပါ။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013