အင်တာနက် အပိတ်ခံရသည့် မြို့နယ်များထဲက မောင်တောမြို့ကိုသာ ပြန်ဖွင့်ပေး
DVB
·
May 3, 2020

ရခိုင်ပြည်နယ်မှာ အင်တာနက်အပိတ်ခံထားရတဲ့ မြို့တွေအနက် မောင်တောနယ်စပ်မြို့ကိုသာ အင်တာနက်ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ် Mytel ကုမ္ပဏီတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဇော်ထွန်းအောင်က “မောင်တော တမြို့တည်းကိုသာ အင်တာနက်ဖွင့်ပေးဖို့ ညွှန်ကြားထားပါတယ်။ ကျန်နေတဲ့ မြို့နယ်တွေ မပါသေးပါဘူးခင်ဗျ။ မောင်တောကို အင်တာနက်ဖွင့်ပေးတာ ဘယ်အချိန်ထိလို့ ကန့်သတ်ထားချက်တော့ မရှိပါဘူး” လို့ ပြောပါတယ်။
မောင်တောမြို့နယ်အတွင်း မေ ၂ ရက်နေ့ ည ၁၀ နာရီကစပြီး MPT၊ Mytel၊ Telenor၊ Oredoo စတဲ့ ဖုန်းအော်ပရေတာတွေအားလုံး အင်တာနက် ပြန်အသုံးပြုနိုင်တာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ ခု ဖြစ်တဲ့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှ စတင်ကာ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့ပြီး ၆ လလောက် ကြာနေပြီ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေမှာ အင်တာနက်လိုင်းပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၃ ရက်မှာတော့ အဲဒီမြို့နယ် ၄ ခုမှာ အင်တာနက် ပြန်လည်ဖြတ်တောက်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှ မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာ ၁၁ လလောက် ကြာမြင့်လာခဲ့ပြီး မောင်တော တမြို့တည်းကိုသာ အင်တာနက် ပြန်ဖွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ကျမတို့ကတော့ အပိတ်ခံထားရတဲ့ မြို့အားလုံးကို ဖွင့်ပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က ကမ္ဘာကပ်ရောဂါ COVID-19 ဖြစ်ပွားနေတယ်။ အင်တာနက်ဖွင့်ထားရင် ရောဂါကာကွယ်မှု ရှောင်ရန် ဆောင်ရန်တွေကို ပြည်သူတွေ မိမိဘာသာ လေ့လာနိုင်မယ်။ အခုက ရောဂါအကြောင်း သတင်းအချက်အလက်တွေ ဘာမှမရဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။
မောင်တောမြို့မှာ အေအေနဲ့ တပ်မတော် စစ်ရေးအရ ထိတွေ့မှုနည်းပါးပြီး စစ်ရေးအရ သက်ရောက်မှုမရှိတဲ့ မြို့နယ်တခုဖြစ်တဲ့အတွက် ပြန်ဖွင့်ပေးရတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။