ဂျပန်နှင့် တောင်ကိုရီးယားက မြန်မာနိုင်ငံသားများကို ပြန်ခေါ်
DVB
·
May 2, 2020

COVID-19 ကာကွယ်ထိန်းချုပ်ရေးကြောင့် ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည်ခေါ်ယူဖို့ တောင်ကိုရီးယားနိုင်ငံကိုလည်း ဆုံရပ်နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး လက်ရှိမှာ ဂျပန်နဲ့ တောင်ကိုရီးယားက မြန်မာတွေကို ပြန်ခေါ်လာနိုင်ပြီ ဖြစ်ပါတယ်။
COVID-19 ကူးစက်ရောဂါအခြေအနေအရ နိုင်ငံတကာ ခရီးသည်တင်လေယာဉ်တွေ ပျံသန်းတာကို ယာယီရပ်ဆိုင်းထားတာကြောင့် ကိုရီးယားသမ္မတနိုင်ငံမှာ အခက်အခဲကြုံတွေ့နေကြရတဲ့ မြန်မာနိုင်ငံသား ၉၆ ယောက်ကို ဧပြီ ၃၀ ရက်နေ့က အင်ချွန်းလေဆိပ်ကနေ မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ခေါ်ဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒီမနက် ၈ နာရီ ၁၅ မိနစ်ကလည်း ဂျပန်နိုင်ငံကနေ အချိန်မီမထွက်ခွာနိုင်ဘဲ ဂျပန်နိုင်ငံမှာ အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံသား ၁၉၅ ယောက်ဟာ တိုကျိုမြို့၊ နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ All Nippon Airways (ANA) ရဲ့ အကူအညီလေယာဉ်နဲ့ ပြန်လည်ထွက်ခွာလာပါတယ်။
ပြည်ပမှာ အခက်ကြုံနေသူတွေကို အကူအညီလေယာဉ်နဲ့ ပြန်ခေါ်ဖို့ စီစဉ်နေရာမှာ စင်ကာပူ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံကို ဆုံရပ်အဖြစ် သတ်မှတ်ထားပြီး တခြားပြည်ပနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အဲဒီကို လာရောက်စီးနင်းရမှာ ဖြစ်ပါတယ်။
အခုတော့ တောင်ကိုရီးယားနိုင်ငံကိုပါ ဆုံရပ်အဖြစ် သတ်မှတ်လိုက်ပြီး အင်ချွန်း-ရန်ကုန်ခရီးစဉ်ကို မေ ၈၊ ၁၅၊ ၂၂၊ ၂၉ ရက်တို့မှာ ပြေးဆွဲပေးမယ်လို့ အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာနိုင်ငံအစိုးရအနေနဲ့ ပြည်ပနိုင်ငံတွေမှာ မြန်မာနိုင်ငံသားတွေ အခက်အခဲ ကြုံတွေ့နေရတဲ့ အခြေအနေ၊ မြန်မာနိုင်ငံမှာ သူတို့ကို အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှု (Facility Quarantine) ထားရှိနိုင်မယ့် အခြေအနေ၊ သွားရောက်ခေါ်ဆောင်မယ့် နိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အဲဒီနိုင်ငံအတွင်း ခရီးသွားလာနိုင်တဲ့အခြေအနေ၊ လေယာဉ်ခရီးစဉ် ဆောင်ရွက်နိုင်တာ စတဲ့အချက်တွေကို အခြေခံပြီး ပျံသန်းပြေးဆွဲနိုင်မယ့် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်ကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ ညှိနှိုင်းပြီး စနစ်တကျ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။