DVB Logo
Home
မြန်မာသတင်း
COVID–19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကေအန်ယူနှင့် တပ်မတော် တင်းမာမှုဖြစ်
DVB
·
May 2, 2020
COVID–19 ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ကေအန်ယူနှင့် တပ်မတော် တင်းမာမှုဖြစ်
Donate to DVB

မွန်ပြည်နယ်၊ သထုံခရိုင်ရှိ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ရဲ့  COVID – 19 ကြိုတင်ကာကွယ် စစ်ဆေးရေးဂိတ်ကို ဖယ်ရှားပေးဖို့ တပ်မတော်ဘက်က အင်အားနဲ့  လာရောက်တားမြစ်ရာမှာ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ဆေးရေးဂိတ်ကို ပိတ်ထားလိုက်ရတယ်ကို ကေအန်ယူဘက်က ပြောပါတယ်။

သထုံခရိုင်ရှိ KNU တပ်မဟာ (၁) ထုံးဘိုလေးစစ်ဆေးရေးဂိတ်မှာ ကေအန်ယူတပ်ဖွဲ့ဝင်တွေက  COVID–19 ကာကွယ်ထိန်းချုပ်နိုင်ရေး ကိုယ်အပူချိန်တိုင်းတာ၊  လက်ဆေးခိုင်းတာတွေ ဆောင်ရွက်နေစဉ် ဧပြီ ၃၀ ရက်နေ့က တပ်မတော်သား ၅ ဦး အပါဝင်  အမျိုးသမီး ၂ ဦး ပါဝင်တဲ့ ကား ၂ စီးက ဂိတ်ကို ရောက်ရှိခဲ့တယ်လို့ ကေအန်ယူတပ်မဟာ ၁ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။

ကားပေါ်ပါလာသူတွကို ကိုယ်အပူချိန်တိုင်းပြီးမှသာ ဂိတ်ကို ဖြတ်သန်းခွင့်ပေးဖို့ ကေအန်ယူတပ်ဖွဲ့ဝင်တွေက ပြောဆိုခဲ့ရာ ကားပေါ်ပါလာတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဇနီးဆိုသူက လက်မခံဘဲ ကားဒရိုင်ဘာကိုသာ ကိုယ်အပူချိန် အတိုင်းခံစေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါကား ၂ စီးပေါ်မှာ ဝန်ကြီးကားလို့ ဆိုတဲ့အတွက် စစ်ဆေးရေးတာဝန်ကျ တပ်ဖွဲ့ဝင်တွေက သွားခွင့်ပြုခဲ့ပြီး နောက်ပိုင်းမှ  တိုင်းမှူးကတော်လို့ သိခဲ့ရကြောင်း ပြောပါတယ်။

ဒီကားနှစ်စီးဟာ စစ်ဆေးရေးဂိတ်အနီးရှိ မော်လေးကျေးရွာ ဘုန်းကြီးကျောင်းမှာ သင်္ကန်း ကပ်လှူပြီး နောက် နေ့ခင်း ၁၂ နာရီကျော်မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တပ်မတော်ဘက်က ကေအန်ယူ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ဖျက်ပေးဖို့ ပြောဆိုလာသလို အရှေေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်မတော် စစ်ကြောင်း နှစ်ခု ရောက်ရှိလာခဲ့ကြောင်း ပဒိုစောစိုးမြင့်က ပြောပါတယ်။

“ညနေ ၂ နာရီခွဲကျော်ကျော်လောက်မှာ တပ်မကနေ ကျနော်တို့ကို ပြောတယ်။ ခင်ဗျားတို့တပ်တွေကို အဲဒီမှာ အကုန်လုံးဖြုတ်လိုက်၊  အပူတိုင်းတာတွေ ဘာမှ မလုပ်တော့နဲ့။ ခင်ဗျားတို့ အဲဒီနေရာက ထွက်ပေးရမယ်။ ခင်များတို့ မထွက်လို့ရှိရင် တိုင်းကနေ ညွှန်ကြားလာတယ်။ အဲဒီမှာ အင်အားထပ်ဖြည့်ပါဆိုတော့ ကျနော်တို့ နေတဲ့နေရာမှာ သူတို့ စစ်ကြောင်းဖြည့်လာတာပေါ့။  သူတို့အဲမှာ ညနေ ၅ နာရီကနေ ၇ နာရီအတွင်း ဆင်းလာတယ်။ အဲမှာ ကျနော်တို့ ဒေသခံလူတွေ၊ ဆက်ဆံရေးရုံးတာဝန်ခံ၊ မြို့နယ်ဥက္ကဋ္ဌတို့နဲ့ စကားပြောတယ်။ စကားပြောတာ အဆင်မပြေဘူး။ သူတို့ကလည်း အဲဒီမှာနေဖို့ အထက်အမိန့်အတိုင်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ သူတို့အင်အား ထပ်ဖြည့်လာတဲ့အခါကျတော့ ကျနော်တို့လည်း အင်အားထပ်ဖြည့်တယ်။ ထပ်ဖြည့်တော့ နည်းနည်းတင်းမာမှု ဖြစ်သွားတာပေါ့နော်။”

နှစ်ဖက်အင်အားထပ်ဖြည့်လို့ တင်းမာမှုဖြစ်တဲ့အခြေအနေမှာ နယ်မြေခံတပ်ရင်းမှူးနဲ့ ကေအန်ယူ တာဝန်ရှိသူတွေ ညှိနှိုင်းတဲ့အတွက် ဒီကနေ့ မနက်အစောပိုင်းမှာတော့ တပ်မတော်ဘက်က ဘုန်ကြီးကျောင်းဘက်ကို နေရာရွှေ့ထားလိုက်ပြီး ကေအန်ယူဘက်ကလည်း ကျန်းမာရေး စစ်ဆေးရေးဂိတ်ကို ပိတ်ထားခဲ့ရတယ်လို့လည်း ပဒိုစောစိုးမြင့်က ပြောပါတယ်။

“အခုက ကျနော်တို့ ဘာမှလုပ်လို့မရတော့ဘူး။ သူတို့က ကျနော်တို့ကို ဒီနှစ်ရက် သုံးရက်မှာ ခင်ဗျားတို့ ဘာမှမလုပ်နဲ့။ ရပ်ထားပေးပါဆိုတော့ ကျနော်တို့လည်း ပြဿနာစဖြစ်တဲ့ အချိန်ကတည်းက ရပ်ထားရတာပေါ့နော်။ ”

သထုံခရိုင်ရှိ KNU တပ်မဟာ (၁)  ထုံးဘိုလေးစစ်ဆေးရေးဂိတ်ဟာ COVID-19 ကာကွယ်ရေးအတွက်  သင်္ကြန်မကျခင်ကတည်းက စတင်လုပ်ဆောင်ပြီး ပြည်သူလူထုတွေ အကြားမှာ COVID-19 ရောဂါ မပျံ့နှံ့ဖို့ကို ကေအန်ယူဗဟိုရဲ့ လမ်းညွှန်ချက်နှင့်အညီ လုပ်ဆောင်ခဲ့တာဖြစ်သလို ဒေသအတွင်း ကျန်းမာရေးအဖွဲနဲ့လည်း ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ကေအန်ယူ သထုံခရိုင်အနေနဲ့  ခရိုင်ထဲမှာ Scanning Point ၈ ခု သတ်မှတ်ထားပါတယ်။ အဲဒီ  ၈ ခု ထဲ မှာ သထုံမြို့နယ် မှာ ၁ နေရာ၊  ဘီးလင်းမြို့နယ် မှာ ၃ နေရာ၊  ကျိုက်ထိုမြို့နယ်မှာ ၁ ခု၊ နဲ့ ဘားအံမြို့နယ်မှာ ၁ ခု၊ မော်စကို မြို့နယ်မှာ ၃ ခု ချထားခဲ့ပါတယ်။

ဒီလိုဖွင့်လှစ်ထားတဲ့ COVID-19 စစ်ဆေးရေးဂိတ်ထဲက  မော်စကိုမြို့နယ်က ၃ ခုကိုတော့ တပ်မတော်ဘက်က ဖြုတ်ခိုင်းလို့ ဖြုတ်ပေးခဲ့ရကြောင်းလည်း ပြောပါတယ်။

အခုလို နှစ်ဖက် တင်းမာမှုဖြစ်ပွားတဲ့အခြေအနေနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရပါဘူး။

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အခြေစိုက်ရာဒေသတွေမှာ ဆောင်ရွက်နိုင်ရေး  “COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေးကော်မတီ”ကို  ဖွဲ့စည်းလိုက်ကြောင်း  နိုင်ငံတော်သမ္မတရုံးက ဧပြီလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံးက ဒီလို ထုတ်ပြန်ထားပေမယ့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့  ဒေသအတွင်း COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် လုပ်ဆောင်ချက်မှာ တင်းမာမှုတွေ ရှိလာတဲ့အတွက်  ညှိနှိုင်းပူးပေါင်းမှု ဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013