DVB Logo
Home
မြန်မာသတင်း
ပလက်ဝကို ရိက္ခာပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ယာဉ်တန်းပစ်ခတ်ခံရ
DVB
·
May 1, 2020
ပလက်ဝကို ရိက္ခာပို့သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ယာဉ်တန်းပစ်ခတ်ခံရ
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝဒေသခံတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ရိက္ခာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ကားတွေ ပါဝင်တဲ့ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရလို့၁ ဦး ဒဏ်ရာရတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

လုံခြုံရေးယာဉ် ၃၁ စီးနဲ့အတူ စားနပ်ရိက္ခာတွေသယ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကား ၆ စီးဟာ  ဧပြီ ၃၀ ရက်က ဆမီးမြို့ကနေ ပလက်ဝမြို့ကို ထွက်လာတာဖြစ်ပြီး ဆမီးမြို့အကျော်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် (WFP)က ယာဉ်မောင်းတစ်ဦး ဒဏ်ရာရှိခဲ့သလို ကား ၅ စီးထိခိုက်ပျက်စီးမှုရှိတယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။

ယာဉ်မောင်းတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြောဆိုချက်အရ အေအေအဖွဲ့က ပစ်ခတ်ခဲ့တာလို့ ပြည်နယ်ဝန်ကြီးဦးစိုးထက်က ပြောကြားခဲ့ပြီး  စစ်ဘေးရှောင်တွေအတွက် ရိက္ခာပို့တာကို မနှောင့်ယှက်ဘဲ  အကူအညီပေးဖို့ တိုက်တွန်းပြောပါတယ်။

စားနပ်ရိက္ခာတွေ ပို့ဆောင်ရာမှာ လမ်းကြောင်းအခြေအနေနဲ့ လုံခြုံရေးအခြေအနေအရ လုပ်ငန်းယာဉ် ၃၁ စီးက ရှေ့မှစတင်ထွက်ခွာခဲ့ပြီး WFP မှ ၆ ဘီးယာဉ် ၅ စီးက နောက်မှ ကပ်လျက်လိုက်ပါကာ ယာဉ်ပေါ်လိုက်လုံခြုံရေးအဖွဲ့တွေက စနစ်တကျလုံခြုံရေးဆောင်ရွက် ထွက်ခွာခဲ့တာလို့ တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဆမီးရဲ့ အနောက်ဘက် မီတာ ၁၀၀၀၀ ခန့် အကွာသို့အရောက်မှာ အေအေအဖွဲ့က နောက်မှလိုက်ပါလာတဲ့  WFP မှမော်တော်ယာဉ်တွေကို  လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပခုက္ကူမြို့နေ WFP မှ ယာဉ်မောင်း ဦးဝင်းကိုအောင် မျက်နှာမှာ မော်တော်ယာဉ်လေကာမှန်စ ထိမှန် ပြတ်ရှဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ 

ဒါ့အပြင် ဦးဝင်းကိုအောင် မောင်းနှင်တဲ့ ၆ ဘီးယာဉ်ရဲ့ ဆီတိုင်ကီနဲ့ ရှေ့လေကာမှန်လက်နက်ငယ်ကျည်ထိမှန်ပျက်စီးသွားသလို  အခြားမော်တော်ယာဉ် ၄ စီးလည်း ရှေ့/နောက် လေကာမှန်တွေ၊ တံခါးတွေ၊ ဘီးတွေနဲ့ ကိုယ်ထည်တွေ လက်နက်ငယ်ထိမှန်ပျက်စီးခဲ့ပါတယ်။

ထောက်ပံ့ရေးပစ္စည်းတွေနဲ့ ရိက္ခာတွေကိုတော့ ဧပြီ ၃၀ ရက်  ညနေ ၄ နာရီခွဲမှာ ပလက်၀ နယ်မြေခံ တပ်ဌာနချုပ်အနာကို  ချောမောစွာနဲ့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းကို ဆေးကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံထားရတဲ့ အေအေအဖွဲ့ ဘက်ကတော့ ထုတ်ပြန်ကြေညာတာ မတွေ့ရသေးပါဘူး။

ဧပြီ ၂၀ ရက်ကလည်း  COVID-19  ဓာတ်ခွဲနမူနာတွေ  ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးဖို့ သယ်ဆောင်လာတဲ့  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOမှ UN တံဆိပ်ပါမော်တော်ယာဉ်ကို မင်းပြားမြို့နယ်၊ ရာမောင်တံတားအလွန်မှာ ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း ၁ ဦးသေဆုံးပြီး ဝန်ထမ်း   ၁ ဦး ဒဏ်ရာရသွားပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ အေအေအဖွဲ့တို့ အပြန်အလှန် စွပ်စွဲနေကြပြီး  ဘယ်လက်နက်ကိုင်အဖွဲ့ကမှ သူတို့ လက်ချက်လို့ ဝန်ခံခြင်းမရှိပါဘူး။ 

 ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မောင်တော- အငူမော်သွား ကားလမ်းပေါ်ရှိ ဥဒေါင်းတံတားမှာ လာရောက်မိုင်းထောင်တဲ့ အေအေ  အမာခံတစ်ဦး မိုင်းထောင်နေစဉ် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

တပ်မတော်နဲ့ အေအေတို့အကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေ သိန်းနဲ့ချီရှိလာနေပြီး ချင်းပြည်နယ်  ပလက်ဝမြို့မှာလည်း  စစ်ဘေးရှောင်ဦးရေ  ၃၇၀၀ ကျော်ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013